တက္ကသိုလ်ဝင်တန်းရောက်မှ ဝန်မပိစေဖို့

Posted on 28th August 2025

Learning for Kids Tips Parenting
Preparation for Metriculation Exam
တက္ကသိုလ်ဝင်တန်းရောက်မှ ဝန်မပိစေဖို့

မိဘတွေဟာ သားသမီးပညာရေးနဲ့ပတ်သက်ပြီး ကိုယ်တတ်နိုင်တဲ့ အထောက်အပံ့တွေကို အစွမ်းကုန်ပေးတတ်ကြပါတယ်။
အရင် စနစ်ဟောင်းမှာတုန်းကတော့ (၈) တန်း ပြီးတဲ့အခါ (၉) တန်း ကနေစပြီး
- သိပ္ပံတွဲဆို ဓာတုဗေဒ၊ ရူပဗေဒ နဲ့ ဇီဝဗေဒ
- ဝိပ္ပံတွဲဆို ဓာတုဗေဒ၊ ရူပဗေဒ နဲ့ ဘောဂဗေဒ တို့ စတင်သင်ကြားရပါတယ်။
သည်အခါ မိဘတွေအနေနဲ့လည်း ဒီတနှစ်ပြီး နောက်တနှစ် (၁၀) တန်းဆို တက္ကသိုလ်ဝင်စာမေးပွဲဖြေရပြီဖြစ်လို့ အချို့ကလည်း (၉) တန်းတည်းက အခြေခိုင်အောင် ကျောင်းကောင်းကောင်း၊ ကျူရှင်အပြင် အိမ်မှာပါ လိုအပ်တာထပ်ဖြည့်တဲ့ပုံစံနဲ့ အပြည့်အဝထောက်ပံ့ပေးကြပါတယ်။ ဒါကလည်း အတိုင်းအတာတခုထိ ငွေကြေးကုန်ကျမှုရှိပါတယ်။ ကလေးကိုယ်တိုင်က ထက်မြက်ပြီးသားဆိုရင်တော့ မိဘတွေအတွက် ဝန်နည်းနည်းပေါ့ပါတယ်။

အများစုမှာမူ (၉) တန်းစာမေးပွဲသည် ကျောင်းတွင်းစစ်ဆေးသည်ဖြစ်၍ သိပ်ဂရုမပြုတော့ပဲ နောက်နှစ် (၁၀) တန်းရောက်မှသာ အမှတ်ကောင်းကောင်းရရှိဖို့၊ တက္ကသိုလ်ကောင်းကောင်းကို ဝင်ရောက်နိုင်ဖို့ အင်တိုက်အားတိုက် အထောက်အကူပြုပေးလိုက်လျှင် အဆင်ပြေနိုင်တယ်လို့ ယူဆကြပါတယ်။ (၉) တန်းနှစ်က စာသည် (၁၀) တန်းအတွက် အခြေခံဖြစ်ပါတယ်။ အချို့ကျောင်းသားတွေ (၉) တန်းမှာ အခြေခံမခိုင်ခဲ့သော်ငြားလည်း (၁၀) တန်းမှာ ဆရာကောင်းနဲ့တွေ့၍သော်လည်းကောင်း၊ ကျောင်းသားကိုယ်တိုင် (၁၀) တန်းမှာ ကြိုးစားပမ်းစားလေ့လာခဲ့လျှင်သော်ည်းကောင်း အဆင်ပြေသွားနိုင်ပါတယ်။ သို့သော် များသောအားဖြင့် ဖြစ်လေ့ရှိသည်မှာ (၁၀) တန်းရောက်မှ (၉) တန်းစာ မကျေညက်ခဲ့တဲ့အတွက် သင်ခန်းစာတွေလေ့လာတဲ့အခါ နားမလည်ခြင်း၊ အခက်အခဲများဖြစ်ခြင်းတွေကို ကြုံတွေ့ရတာများပါတယ်။ စာနားမလည်တဲ့အခါ ကျောင်းသားတွေအနေနဲ့လည်း အဲဒီဘာသာရပ်ကို စိတ်မဝင်စားလို့ မလုပ်ချင်ဘူး စသဖြင့် ဖြစ်လာတတ်ကြပါတယ်။ စနစ်ဟောင်းတက္ကသိုလ်ဝင် စာမေးပွဲမှာတုန်းကတော့ (၉) တန်း ၁ နှစ်စာလောက် စာမကြေညက်ခဲ့တာကို ဖြေရှင်းဖို့ (၁၀) တန်းမှာ တပွဲထိုးနည်းလမ်းတွေနဲ့ အလုပ်ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

အခု (၁၂) တန်းစနစ်တွင်မူ ယခင်စနစ်ဟောင်းထက် တစ်နှစ်ပြီးတစ်နှစ် ပိုမိုမြင့်မားတဲ့သင်ခန်းစာတွေလည်း ပါဝင်လာတဲ့အတွက် အခြေခံမပိုင်နိုင်မှုတွေနဲ့ နားမလည်မှုတွေကို (၁၂) တန်းရောက်မှ တပွဲထိုးနည်းလမ်းတွေနဲ့ ဖြေရှင်းဖို့ဆိုတာ မလွယ်ကူပါဘူး။ အထူးသဖြင့် သင်္ချာ၊ ဓာတုဗေဒ နဲ့ ရူပဗေဒ တို့ဟာ အစပိုင်းလောက်ကတော့ စာလိုက်နိုင်ပေမယ့် အတန်းကြီးလာတာနဲ့အမျှ နောက်ပိုင်းသင်ခန်းစာတွေမှာတော့ ပိုပြီးခက်ခဲလာတာဖြစ်တာမို့ ကျောင်းသားတွေအနေနဲ့ စာပြန်ကြည့်တဲ့အခါ အရင်အတန်းတွေက Concept တွေ၊ သီအိုရီတွေကို သေချာမသိခဲ့ဘူးဆိုရင် သင်ခန်းစာကိုနားလည်အောင်ပြန်လုပ်ဖို့ အတော်ခဲယဥ်းပါတယ်။ ကျက်စာဘာသာရပ်တွေသည်လည်း သင်ခန်းစာတခုချင်းစီကို စာမေးပွဲဖြေခါနီး ရက်ပိုင်းအလိုမှ အလွတ်ကျက်မှတ်ဖို့မှာလည်းမလွယ်ကူတဲ့အတွက် တစ်နေ့စာတစ်နေ့ ပုံမှန်ကျက်မှတ်မှသာ နောက်ဆုံး တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုရာတွင် စိတ်ဖိစီးမှုနည်းပြီး အမှတ်ကောင်းကောင်းရဖို့ အထောက်အကူဖြစ်မှာပါ။

ကျောင်းသားတယောက်အနေနဲ့ သူ့ရဲ့စာလုပ်ချိန်မှာ ဘာသာရပ်အကုန်လုံးကို ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်ဖို့ ကျောင်းနဲ့ကျူရှင် (သို့) အချိန်ပိုစာသင်ဝိုင်းတွေမှာ အသစ်သင်တာတွေလည်း လေ့ကျင့်၊ သင်ပြီးသားတွေလည်း ပြန်နွေးဖို့အတွက် အချိန်ခွဲတမ်းချပြီး လုပ်ဆောင်ရတာဖြစ်တဲ့အတွက် ဘာသာရပ်တခုခုမှာ အခြေခံမကျေညက်ခဲ့ဘူးဆိုရင် သူရဲ့ စာလုပ်ချိန်ကို နှောင့်နှေးစေမှာဖြစ်သလို (၁၂) တန်းရောက်မှ အရင်က Concept တွေကို အစကနေ နားလည်အောင်ပြန်လုပ်ဖို့ဆိုတာ တကယ်ကိုမလွယ်ကူလှပါဘူး။

ဒါကြောင့် ဘာသာရပ်အသစ်တွေနဲ့ စတင်ထိတွေ့ရတဲ့ (၁၀) တန်းလောက်တည်းက ကျောင်းတွင်းစစ်ဆေးခြင်းစာမေးပွဲတွေပင်ဖြစ်သော်ငြား ဒါပေးဒါကျက် အလွတ်မှတ်ပုံစံနဲ့ အောင်ရုံ၊ အမှတ်ရရုံသပ်သပ်မဟုတ်ပဲ အခြေခံပိုင်နိုင်အောင်လေ့ကျင့်ဖို့ ရည်မှန်းချက်နဲ့ ကလေးတွေကို လေ့ကျင့်ပေးတာကသာ (၁၂) တန်း တက္ကသိုလ်ဝင်တန်းအတွက် အကျိုးရှိစေမဲ့ မှန်ကန်တဲ့ ချည်းကပ်မှုဖြစ်ပါလိမ့်မယ်။ ကျောင်းသားကိုယ်တိုင်သည်လည်း စာမေးပွဲအောင်ဖို့ထက် အခြေခံပိုင်နိုင်အောင် လုပ်ရမယ်ဆိုတဲ့ စိတ်လေးနဲ့ သင်ယူခြင်းသည်သာ မှန်ကန်သော ချည်းကပ်မှုဖြစ်ပါလိမ့်မယ်။ အစကောင်းမှ အနှောင်းသေချာဆိုတဲ့ စကားပုံလေးအတိုင်း အခြေခံသီအိုရီတွေ Concept တွေ သင်ကြားစဥ်ကတည်းက ပုံမှန်လေး နားလည်အောင် ကြိုးစားလေ့ကျင့်ခဲ့မယ်ဆိုရင် အတန်းကြီးသွားတဲ့အခါမှာလည်း ကျောင်းသားအနေနဲ့ သူ့ စာလုပ်နှုန်းလေးအတိုင်း ပုံမှန်ကြိုးစားလုပ်ဆောင်သွားလို့ရပါတယ်။

မိဘများအားလုံး ထူးချွန်ထက်မြက်သော သားကောင်းရတနာ၊ သမီးကောင်းရတနာလေးတွေ ပိုင်ဆိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းလျက်…


Related Posts
၂၀၁၇ ခုနှစ် မြန်မာတစ်နိုင်ငံလုံး ပထမဆုရှင် မောင်သုတရဲမိုး၏ အကြံပေးချက်များ

Advice from Outstanding students

Read More about ၂၀၁၇ ခုနှစ် မြန်မာတစ်နိုင်ငံလုံး ပထမဆုရှင် မောင်သုတရဲမိုး၏ အကြံပေးချက်များ
...
ကလေးရဲ့ အင်္ဂလိပ်ဘာသာစကားအခြေခံကောင်းအောင် အိမ်မှာပဲ ဘယ်လိုပျိုးထောင်ပေးမလဲ

Teaching Young Learners English at home

Read More about ကလေးရဲ့ အင်္ဂလိပ်ဘာသာစကားအခြေခံကောင်းအောင် အိမ်မှာပဲ ဘယ်လိုပျိုးထောင်ပေးမလဲ
...
ငယ်စဥ်ကတည်းက အင်္ဂလိပ်စာကောင်းအောင် ဘယ်လိုပျိုးထောင်ပေးမလဲ

How to improve English Language skill for kids

Read More about ငယ်စဥ်ကတည်းက အင်္ဂလိပ်စာကောင်းအောင် ဘယ်လိုပျိုးထောင်ပေးမလဲ