ကလေးရဲ့ အင်္ဂလိပ်ဘာသာစကားအခြေခံကောင်းအောင် အိမ်မှာပဲ ဘယ်လိုပျိုးထောင်ပေးမလဲ

Posted on 31st May 2025

Learning for Kids Language English
Teaching Young Learners English at home
ကလေးရဲ့ အင်္ဂလိပ်ဘာသာစကားအခြေခံကောင်းအောင် အိမ်မှာပဲ ဘယ်လိုပျိုးထောင်ပေးမလဲ

အင်္ဂလိပ်ဘာသာစကားတတ်မြောက်ထားခြင်းဟာ မရေမတွက်နိုင်တဲ့ အကျိုးကျေးဇူးတွေကို ရရှိစေနိုင်တယ်ဆိုတာကို မိဘတိုင်း သိပြီးသားဖြစ်ပါတယ်။ ဒါကြောင့်လည်း တက္ကသိုလ်ဝင်တန်းဖြေပြီးတာနဲ့ မိဘတွေဟာ တက္ကသိုလ်မဖွင့်ခင် အချိန်လေးအတွင်းမှာ လူငယ်တွေကို အင်္ဂလိပ်စာသင်တန်းတွေတက်ခိုင်းကြသလို တတ်နိုင်တဲ့မိဘတွေကလည်း အိမ်မှာ တစ်ဦးချင်းခေါ်သင်ပေးကြတာပါ။

ဒီဆောင်းပါးလေးမှာတော့ အသက်အရွယ်တခုရောက်လာမှ သင်ကြားပေးတာမျိုးမဟုတ်ပဲ ငယ်ငယ်တည်းက အင်္ဂလိပ်စာအခြေခံရှိလာအောင် မိဘတွေအနေနဲ့ ဘယ်လိုသင်ကြားပေးလို့ရလဲ၊ ဘယ်လို Guideline ပေးလို့ရမလဲဆိုတာကို ပြောပြပေးသွားပါမယ်။

(၁) ကလေးအနေနဲ့ အင်္ဂလိပ်စကားကို လွတ်လွတ်လပ်လပ်ပြောနိုင်အောင် လုပ်ပေးပါ

ကလေးတွေအနေနဲ့ စစချင်း အင်္ဂလိပ်စကားပြောခါစမှာ ဝါကျအရှည်ကြီးတွေ ပြောနိုင်မှာမဟုတ်ပါဘူး။ Yes, No, May I, Can I, I do စသဖြင့် အတိုကောက်ဝါကျလေးတွေနဲ့ Vocabulary တစ်လုံး နှစ်လုံးစလောက်ပဲ ပြောနိုင်မှာပါ။ ဒါပေမဲ့ ဒီလိုမျိုးပြောတဲ့အချိန် ကိုယ့်ရဲ့တုံ့ပြန်ပုံက သူတို့အနေနဲ့ ဒီလိုပြောနိုင်တာကို ပျော်ရွှင်တဲ့ပုံစံမျိုးနဲ့ နောက်ထပ်ပိုကြိုးစားလာအောင် အားပေးပါ။ ကလေးတွေအနေနဲ့လည်း ပြောနေတဲ့အချိန်မှာ အမှားလေးတွေပါကောင်းပါမှာပါ။ ဒါပေမဲ့ သူတို့လေးတွေ ပြောနေတဲ့ဝါကျကို ဖြတ်မပြောပဲ သူတို့ပြောပြီးသွားတဲ့အခါကျမှ ကိုယ်ကနေပြီးတော့ ဒီနေရာလေးက ဒီလိုပြောသင့်တယ် စသဖြင့် ပြန်လည်ပြင်ဆင်ပေးပါ။ သူတို့ပြောနေတဲ့အချိန် အမှားတွေကို ထောက်ပြပေးတာက အစပိုင်းပြောခါစမှာ သူတို့ကိုယ်သူတို့ ယုံကြည်မှုကျဆင်းစေပါတယ်။ နောက်ပြီး မိဘနဲ့ ကလေးကြားမှာလေ့ကျင့်တဲ့အခါ အကြောင်းအရာတစ်ခုတည်းကိုပဲ အချိန်အကြာကြီးပြောတာမျိုးမဟုတ်ပဲ နေ့စဉ်အကြောင်းအရာအတိုလေးတွေကို မေးမြန်းပြောဆိုတာမျိုးက ပိုပြီးပျော်စရာကောင်းစေပါတယ်။
(♦️ ဥပမာ - ဒီနေ့ကျောင်းမှာ ဘာတွေထူးခြားလဲ၊ သူငယ်ချင်းအသစ်တွေ ရခဲ့လား စသဖြင့်ပါ)

(၂) ကလေးနဲ့အတူ အိမ်မှာ အင်္ဂလိပ်စကားပြောတဲ့ အခိုက်အတန့်တစ်ခုကို ဖန်တီးပေးပါ

ဘာသာစကားတစ်ခုကို သင်ကြားတဲ့အခါ အရေးကြီးဆုံးက တတ်နိုင်သလောက်ပြောဆိုနေဖို့ပါ။ ကျောင်းနဲ့အိမ်ပဲ အမြဲသွားလာနေရတဲ့ ကလေးတစ်ယောက်အနေနဲ့ သင်တန်းတွေအပြင်မှာ လေ့ကျင့်ပြောဆိုဖို့ထက် အိမ်မှာပဲလေ့ကျင့်မှရမှာပါ။ နဂိုအင်္ဂလိပ်စာ အခြေခံရှိထားပြီးသားမိဘတွေအနေနဲ့ ကိစ္စမရှိပေမဲ့ အင်္ဂလိပ်စာနဲ့ သိပ်မထိတွေ့ဖြစ်တဲ့ မိဘတွေအနေနဲ့ အင်တာနက်ကနေ ကိုယ်တိုင်လေ့လာလို့ရသလို၊ အိမ်မှာပဲ ကလေးနဲ့အတူ (၂) ယောက်သင်တာမျိုးလည်း ရပါတယ်။ အဓိကက ကလေးအနေနဲ့ အင်္ဂလိပ်ဘာသာစကားကို အဆက်မပြတ်သွားပဲ တစ်ရက်ကို ၁ နာရီဖြစ်ဖြစ်၊ နာရီဝက်ဖြစ်ဖြစ် ထိတွေ့ပြောဆိုနေဖို့ပါ။
(♦️ လမ်းညွှန် - မိဘတွေအနေနဲ့ အင်တာနက်ကနေ ကိုယ်တိုင်လေ့လာဖို့အတွက်ဆို internet ကနေ သင်ကြားပေးနေတဲ့ အခမဲ့ website/channels တွေကနေ လေ့လာနိုင်သလို အိမ်မှာပဲ ကလေးနဲ့အတူ သင်ယူချင်တာဆိုရင်တော့ MMtutors မှာ English Tutors အတွက် စုံစမ်းကြည့်လို့ရပါတယ်ရှင့်)

(၃) ကလေးက တစိုက်မတ်မတ်ကြိုးစားနေတဲ့အခါ ချီးကျူးပေးပြီး ဆုပေးပါ

ဆုပေးတဲ့အခါ ရလဒ်အပေါ်မူတည်ပြီးပေးတာဖြစ်ပေမဲ့ ကလေးကိုပြောတဲ့အခါမှာတော့ "ဒီရလဒ်ရလို့ ဖေဖေက/မေမေက ဒီဆုပေးတာ"ဆိုတာထက် ဒီလိုဖြစ်အောင်ကြိုးစားလို့ ဒီဆုကို ချီးမြှင့်ပေးတာဆိုတာမျိုးကို ပြောပေးပါ။ ဘာသာစကားဟာ တစ်သက်လုံးလေ့လာဆည်းပူးသွားရမယ့်အရာပါ။ ကလေးတွေကို ဆုပေးတဲ့နေရာမှာလည်း ရုပ်ဝတ္ထုပစ္စည်းတွေမှ မဟုတ်ပဲ "သူကြိုက်တာကစားခွင့် တစ်နာရီ၊ သူငယ်ချင်းတွေနဲ့အတူ ဘယ်နှနာရီကစားခွင့်" စသဖြင့် ဆုပေးတာမျိုးလည်းရပါတယ်။

(၄) နည်းပညာကို အသုံးချပါ

မိဘတွေအနေနဲ့ ကလေးတွေကို သင်ကြားတဲ့နေရာမှာ အင်တာနက်ရဲ့ အကျိုးကျေးဇူးတွေကို ကောင်းကောင်းအသုံးချလို့ရပါတယ်။ ကလေးတွေအတွက် ရည်ရွယ်ပြီးထုတ်လုပ်ထားတဲ့ အင်္ဂလိပ်ဘာသာစကားလေ့လာတဲ့ မိုဘိုင်းဂိမ်းလေးတွေကို အွန်လိုင်းကနေ Download ဆွဲပြီး သင်ပေးလို့ရပါတယ်။ မိုဘိုင်းဂိမ်းတွေရဲ့ အားသာချက်ကတော့ စာသင်တာသီးသန့်မဟုတ်ပဲ ဂိမ်းကစားရတာပါဖြစ်တဲ့အတွက် ကလေးတွေအနေနဲ့ အင်္ဂလိပ်စာသင်ရမှာ မပျင်းတော့ပါဘူး။ ဒါပေမဲ့ သတိထားရမှာကတော့ ဂိမ်းကို စွဲလမ်းသွားတာမျိုးမဖြစ်ဖို့အတွက် မိုဘိုင်းဖုန်းကို အချိန်နဲ့ပေးသုံးဖို့ပါ။

ဒီအချက်လေးတွေဟာဆိုရင် မိဘတွေအနေနဲ့ ကလေးကို အိမ်မှာပဲ အင်္ဂလိပ်ဘာသာစကားအခြေခံကောင်းလာအောင် လုပ်ပေးနိုင်တဲ့နည်းလမ်းလေးတွေပါ။ အခုလို တိုးတက်ခေတ်မီနေတဲ့ခေတ်ကြီးမှာ အင်္ဂလိပ်ဘာသာစကားကို တတ်မြောက်ထားတာဟာ ကိုယ့်ရဲ့ကလေးတွေအတွက် များစွာအထောက်အကူပြုပါတယ်။ ဒါကြောင့်အင်္ဂလိပ်ဘာသာစကားကို ငယ်စဉ်ကတည်းက လေ့ကျင့်ပေးထားတာဟာ ကလေးအတွက် အနာဂတ်မှာ ကောင်းမွန်တဲ့အခွင့်အလမ်းတွေ ပိုင်ဆိုင်နိုင်အောင်မျိုးစေ့ချပေးနေတာပဲ ဖြစ်ပါတယ်။


Related Posts
၂၀၁၇ ခုနှစ် မြန်မာတစ်နိုင်ငံလုံး ပထမဆုရှင် မောင်သုတရဲမိုး၏ အကြံပေးချက်များ

Advice from Outstanding students

Read More about ၂၀၁၇ ခုနှစ် မြန်မာတစ်နိုင်ငံလုံး ပထမဆုရှင် မောင်သုတရဲမိုး၏ အကြံပေးချက်များ
...
ငယ်စဥ်ကတည်းက အင်္ဂလိပ်စာကောင်းအောင် ဘယ်လိုပျိုးထောင်ပေးမလဲ

How to improve English Language skill for kids

Read More about ငယ်စဥ်ကတည်းက အင်္ဂလိပ်စာကောင်းအောင် ဘယ်လိုပျိုးထောင်ပေးမလဲ
၂၀၁၈ ခုနှစ် မြန်မာတစ်နိုင်ငံလုံး ပထမ ဆုရှင် မသင်းမြနွေး၏ အကြံပေးချက်များ

Advice from Outstanding students

Read More about ၂၀၁၈ ခုနှစ် မြန်မာတစ်နိုင်ငံလုံး ပထမ ဆုရှင် မသင်းမြနွေး၏ အကြံပေးချက်များ