သားသမီးရှေ့ရေးအတွက် အကောင်းဆုံးပညာရေးရရှိဖို့ Single Parent တွေဘယ်လိုရုန်းကန်ရလဲ

Posted on 31st May 2025

Tips Parenting
Difficulties of a single parent
သားသမီးရှေ့ရေးအတွက် အကောင်းဆုံးပညာရေးရရှိဖို့ Single Parent တွေဘယ်လိုရုန်းကန်ရလဲ

တစ်ယောက်တည်းကြိုးစားရုန်းကန်နေရတဲ့ မိဘတွေအတွက်တော့ အိမ်ထောင်စုစီးပွားရေး၊ သားသမီး ဘဝရှေ့ရေး၊ ပညာရေး စတဲ့အရာရာကို ဟန်ချက်ညီအောင်ထိန်းရတာက တခြားသူတွေထက် ပိုမိုခက်ခဲပါတယ်။ အထူးသဖြင့် ကလေးရဲ့ ဘဝရှေ့ရေးနဲ့ ပတ်သက်လာတဲ့အခါမှာရောပါပဲ။ ကလေးတွေကို လူတစ်လုံး သူတစ်လုံး ဖြစ်အောင်၊ ကျောင်းမှာ တခြားကလေးတွေနဲ့ တန်းတူ ပညာသင်ကြားနိုင်အောင်၊ ကလေးတွေရဲ့စိတ်အခြေအနေ ကောင်းမွန်အောင် ထိန်းကျောင်းပြုစုပေးရပါတယ်။ ကလေးတွေရဲ့စိတ်ကျန်းမာရေး၊ ပညာရေး၊ လူမှုအသိုင်းအဝိုင်းမှာ အစစအရာရာ ပြည့်စုံစေဖို့ အမေလိုတစ်မျိုး၊ အဖေလိုတစ်ဖုံလုပ်ဆောင်ပေးရင်း တာဝန်လစ်ဟင်းမှုမရှိရအောင် ကြိုးစားကြရပါတယ်။ ဒီနေ့မှာတော့ MMtutors ကနေ Single Parent တစ်ယောက်အနေနဲ့ သားသမီးရှေ့ရေး အတွက် အကောင်းဆုံးဖြစ်အောင် ဘယ်လိုကြိုးစားရုန်းကန်ရလဲဆိုတာကို ဝေမျှပေးချင်ပါတယ်။

(၁) ဘဏ္ဍာရေးအတွက် ကြိုးစားရုန်းကန်ရခြင်း

ငွေရေးကြေးရေးကဏ္ဍကတော့ ကလေးရှိတဲ့မိသားစုတိုင်းအတွက်တော့ ကျပ်တည်းကြတာတွေ ချည်းပါပဲ။ ဒီနေ့ခေတ်ဆို ပိုဆိုးပါတယ်။ အိမ်ထောင်တစ်စုမှာ မိဘနှစ်ပါးလုံးရဲ့ဝင်ငွေရှိမှာသာ သက်သာချောင်ချိပါမယ်။ လူတန်းစေ့နေနိုင်ရေးအတွက် အိမ်မှာရှိတဲ့လူတိုင်း တစ်နိုင်တစ်ပိုင်တာဝန်ကို ထမ်းရွက်ပါမှ မိသားစုတစ်စု အဆင်ပြေနိုင်မှာပါ။ ဒီအချိန်မှာ အိပ်မက်တွေကလည်းဈေးကြီးသလို၊ ပညာရေးစရိတ်ကလည်း မသေးလှပါဘူး။ ဒါကြောင့် တစ်ယောက်တည်း ကြိုးစားရုန်းကန်နေရတဲ့ Single Parent အတွက်ကတော့ ဘဏ္ဍာရေးအတွက် ရှာရတာ မလွယ်ကူလှပါ။ ဒါပေမယ့်လည်း လောကကြီးမှာ တစ်ယောက်တည်းရပ်တည်နေရင်း သားသမီးတွေရဲ့ဘဝရှေ့ရေးကို အကောင်းဆုံး အထောက်အပံ့ပေးနေတဲ့ အာဂသတ္တိ Single Parent တွေအများကြီးရှိပါတယ်။ နေ့တိုင်းရင်ဆိုင်နေရတဲ့ ငွေရေးကြေး‌ရေးအခက်အခဲကို အကောင်းဘက်ကတွေးပြီး သူများတွေတောင် လုပ်နိုင်သေးတာပဲ ဘာကြောင့် မလုပ်နိုင်ရမှာလဲဆိုပြီး ကြိုးစားအားတင်းရင်း သားသမီးမျက်နှာကြည့်ကာ ကြိုးစားရှင်သန်ရုန်းကန်ရပါတယ်။

(၂) တစ်ခုခုလုပ်ဖို့ ဆုံးဖြတ်ချက်ချမှတ်ခြင်း

မိသားစုစုံလင်တဲ့သူအတွက်တော့ မိသားစုရဲ့ စီးပွားရေး၊ ကလေးရဲ့ရှေ့ရေးအတွက် စဉ်းစားဆုံးဖြတ်ရမှာ အဖေနဲ့အမေဟာ တိုင်တိုင်ပင်ပင်နဲ့ အကောင်းဆုံး ဆုံးဖြတ်ချက်ချနိင်ပါတယ်။ ဒါပေမဲ့ Single Parent တွေအတွက်ကတော့ သိပ်မလွယ်ကူပါဘူး။ ကိုယ့်ရဲ့ဆုံးဖြတ်ချက်က မိသားစုတစ်ခုလုံးနဲ့သက်ဆိုင်နေတာကြောင့်ပါပဲ။ ငွေရေးကြေးရေးနဲ့တိုင်းတာပြီး ဘယ်လိုကျောင်းမျိုးထားပေးရမလဲ၊ ကျောင်းမှာစာမလိုက်နိုင်ရင် ကျူရှင်ထားဖို့ ဘယ်လိုစီစဉ်ပေးရမလဲ၊ ကလေးက ကျောင်းမှာ သူငယ်ချင်းတွေနဲ့ရော အဆင်ပြေရဲ့လား စတဲ့မေးခွန်းပေါင်းများစွာဟာ Single Parent တွေအတွက်‌တော့ ဆုံးဖြတ်တစ်ခုချဖို့ မလွယ်ကူစေပါဘူး။ ဒါကြောင့် ကလေးအတွက် ဆုံးဖြတ်ချတစ်ခုချမှတ်ဖို့ကို သူတို့တော်တော်လေး စဉ်းစားဆုံးဖြတ်ခဲ့ရတာကို သိစေချင်ပါတယ်။

(၃) ဝေဖန်တဲ့လူတွေကြားကနေ ကိုယ့်ရဲ့ကလေးကို ကာကွယ်ပေးရခြင်း

အချို့သဘောထားမပြည့်ဝတဲ့သူအချို့ဟာ အကြောင်းအမျိုးမျိုးကြောင့် တစ်ယောက်တည်းကြိုးစားရုန်းကန်နေရတဲ့ Single Parent တွေရဲ့ ကလေးကို မိစုံဖစုံမရှိဘူးဆိုပြီး နှိမ်ချင်တယ်။ ကဲ့ရဲ့ ရှုံ့ချကြတာမျိုးတွေရှိပါတယ်။ မိဘဖြစ်တဲ့ကိုယ်ကတော့ ရင့်ကျက်တဲ့အရွယ်ဖြစ်လို့ လျစ်လျူရှုထားလို့ရပေမယ့် ကလေးတစ်ယောက်အတွက်ကတော့ အနည်းနဲ့အများ ထိခိုက်ခံစားရတာတွေရှိပါတယ်။ ဒါ့အပြင် ကလေးအချင်းချင်းဆက်ဆံရေးမှာလည်း အဖုအထစ်တစ်ခုအဖြစ် မြင်သွားတတ်ပါတယ်။ ဒီလိုမျိုးဆို ကလေးအနေနဲ့ ပညာရေးမှာအနှောင့်အယှက်တစ်ခု ဖြစ်စေပါတယ်။ ဒီလို ဝေဖန်တဲ့သူတွေကို ရှောင်နေလို့မရပါဘူး။ ဒါကြောင့် တစ်ယောက်တည်းရပ်တည်နေတဲ့ Single Parent တွေအနေနဲ့ ကိုယ့်ကလေးရဲ့ စိတ်ပိုင်းဆိုင်ရာကို လာရောက်တိုက်ခိုက်မှုမှန်သမျှကို ရင်ဆိုင်ဖြေရှင်းဖို့လည်း ကြိုးစားရုန်းကန်ကြရပါတယ်။

(၄) လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေကိုရှင်းပြရခြင်း

တစ်ယောက်တည်းကြိုးစားရပ်တည်နေရတဲ့ Single Parent အနေနဲ့ ကိုယ်ဟာ ဘယ်လိုလုပ်ပြီး Single Parent တစ်ယောက်ဖြစ်လာခဲ့တာလဲဆိုတာကို ကိုယ့်ရဲ့ သားသမီးတွေကို ကိုယ်တိုင်ကိုယ်ကျရှင်းပြတာ အကောင်းဆုံးဖြစ်မယ်ထင်ပါတယ်။ ဒါပေမယ့်လည်း ကိုယ့်ရဲ့သားသမီးတွေဟာ ရှင်းပြဖို့ အခက်အခဲဆုံးလူတစ်ယောက်ဖြစ်နေပြန်တာပါပဲ။ မရှင်းပြနိုင်ရင်၊ အဖြေမပေးနိုင်ခဲ့ရင်လည်း ကလေးတွေရဲ့ စိတ်မှာ အစိုင်အခဲတစ်ခုဖြစ်လာပြီး သူတို့ကိုယ်သူတို့လည်း အားနည်းချက်ရှိတဲ့ လူတစ်ယောက်အဖြစ် မြင်သွားနိုင်ပါတယ်။ ဒါဟာ ကလေးရဲ့ပညာရေးနဲ့ ဘဝရှေ့ရေးအတွက် သက်ရောက်မှုအများကြီးရှိပါတယ်။ ဒါကြောင့် Single Parent တစ်ယောက်အတွက်ကတော့ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေကို သူတို့ရဲ့ကလေးတွေကို နားလည်အောင်ရှင်းပြဖို့ကိုလည်း ကြိုးစားရုန်းကန်ရပါတယ်။

ဒါလေးတွေကတော့ Single Parent မိဘတစ်ယောက်ရဲ့အခက်အခဲတွေထဲက တစိတ်တပိုင်းပဲရှိပါတယ်။ တစ်ယောက်တည်းရပ်တည်ပြီး ကြိုးစားရုန်းကန်နေရတဲ့ Single Parent များ၊ စီးပွားရေးအခြေအနေအရ နိုင်ငံခြားအဝေးရောက်နေပြီး စိတ်ပင်ပန်းနေရတဲ့မိဘများ၊ သားသမီးကတော်လွန်းတာကြောင့် ခေတ်ရေစီးကြောင်းကို အမှီလိုက်နေရတဲ့ မိဘများနဲ့ လောကဓံမျိုးစုံကို အံတုနေရတဲ့ မိဘတွေက ကိုယ့်ကလေးနဲ့မိသားစုအတွက် ရုန်းကန်နေကြရတာပါ။ မိသားစုအားလုံးပဲပျော်ရွှင်ဖွယ်ကောင်းသော မိသားစုဘဝလေးရရှိနိုင်ပါစေလို့ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။


Related Posts
...
ဘာသာစကားတစ်ခုကိုလေ့လာတဲ့အခါ "I Quit!" ဆိုပြီး စိတ်ဓာတ်မကျရလေအောင်

Tips for Learning Language

Read More about ဘာသာစကားတစ်ခုကိုလေ့လာတဲ့အခါ "I Quit!" ဆိုပြီး စိတ်ဓာတ်မကျရလေအောင်
...
ထက်မြက်တဲ့ ကလေးတစ်ယောက်ဖြစ်လာစေဖို့

Parenting Tips

Read More about ထက်မြက်တဲ့ ကလေးတစ်ယောက်ဖြစ်လာစေဖို့
...
နည်းပညာခေတ်နှင့် ကလေး၏ဖွံ့ဖြိုးတိုးတက်မှု

Kid in IT era

Read More about နည်းပညာခေတ်နှင့် ကလေး၏ဖွံ့ဖြိုးတိုးတက်မှု