ကလေးကို ငယ်ငယ်ကတည်းက စာဖတ်ဝါသနာပါအောင် ဘယ်လိုမွေးမြူမလဲ

Posted on 31st May 2025

Tips Parenting
Reading Habit for Kids
ကလေးကို ငယ်ငယ်ကတည်းက စာဖတ်ဝါသနာပါအောင် ဘယ်လိုမွေးမြူမလဲ

“စာအုပ်စာပေ လူ့မိတ်ဆွေ” ဆိုတဲ့အတိုင်း မိဘတွေအနေနဲ့ မိမိသားသမီးကို အကောင်းဆုံးပေးနိုင်တဲ့အမွေက
စာဖတ်ခြင်းအလေ့အကျင့်ပါဘဲ။ စာဖတ်ခြင်းက ကလေးရဲ့ဘဝတစ်လျှောက်လုံးကို များစွာ
အထောက်အပံ့ပေးနိုင်ပါတယ်။ စာဖတ်ဝါသနာပါတဲ့ ကလေးကတော့ ရှားပါတယ်။ ဒါပေမဲ့ မိဘတွေအနေနဲ့ မိမိကလေးကို ငယ်စဥ်ထဲက စာဖတ်တဲ့အလေ့ကျင့်ကို မွေးမြူပေးရပါမယ်။ အလေ့အကျင့်ဆိုတာမျိုးက ငယ်စဥ်တည်းက မွေးမြူပေးတာ အကောင်းဆုံးဖြစ်ပါတယ်။

ကလေးအများစုက စာဖတ်ရတာကို ပျင်းစရာကောင်းတယ်လို့ ပြောကြပါတယ်။ ဒါပေမဲ့ ကလေးနဲ့လိုက်ဖက်တဲ့ စာအုပ်ကောင်းကောင်းကိုသာ မိဘတွေအနေနဲ့ ရွေးချယ်ပေးနိုင်ရင်တော့ စာဖတ်ခြင်းဆိုတာ သူတို့ရဲ့တစ်စိတ်တစ်ပိုင်းဖြစ်လာပါလိမ့်မယ်။ဘယ်အရွယ်မှာ ဘယ်လိုစာအုပ်လေးတွေနဲ့စတင်ပြီး ကလေးကို စာဖတ်တဲ့အလေ့အကျင့်မွေးမြူပေးနိုင်တယ်ဆိုတာ ဒီဆောင်းပါးလေးမှာ ပြောပြပေးသွားပါမယ်။

(၁) စောစောစတင်ပါ

ကလေးက စကားသင်နေတဲ့ အရွယ်မှာဘဲ စာဖတ်ခြင်းအလေ့အကျင့်ကို စတင်လိုက်ပါ။ မိမိကလေးက စကားမပြောတတ်သေးတဲ့အရွယ်မှာ ရုပ်ပြစာအုပ်လေးတွေနဲ့ ကလေးကိုစာဖတ်တဲ့အလေ့အကျင့်ဖြစ် အောင်လုပ်ပေးပါ။ မိမိကလေးကို ရုပ်ပုံလေးတွေပါတဲ့ ပုံပြင်စာအုပ်လေးတွေ ဖတ်ပြပေးပါ။ သူတို့ရဲ့ သင်ယူမှုစတင်တဲ့အချိန်မှာဘဲ ရုပ်ပြစာအုပ်လေးတွေနဲ့ ရင်းနှီးအောင်လုပ်ပေးပါ။ ကလေးတွေလိုချင်တဲ့ ရုပ်ပြစာအုပ်လေးတွေ၊ ကာတွန်းစာအုပ်လေးတွေ ဝယ်ပေးပါ။ ဖုန်းတွေ TV တွေနဲ့ ကာတွန်းကား
ကြည့်ခိုင်းတာထက် ခုလိုကာတွန်းစာအုပ်လေးတွ ဖတ်ခိုင်းတာက ပိုကောင်းပြီး ကလေးတွေအတွက် စာဖတ်ခြင်းကို ရင်းနှီးလာစေမှာပါ။

(၂) စာအုပ်လေးတွေ မပြတ်ဝယ်ပေးပါ

ကလေးမှာ ဖတ်စရာစာအုပ်လေးတွေ ရှိမရှိစစ်ပေးပါ။ ဖတ်စရာစာအုပ်မရှိလို့ စာမဖတ်ရတာ၊ စာအုပ်တွေထပ်နေလို့ ဖတ်ရမှာပျင်းသွားတာတွေ မဖြစ်ရအောင် မိဘတွေအနေနဲ့ ကလေးကို စာအုပ်လေးတွေ စီစဥ်ပေးပါ။ စာအုပ်စီစဥ်ပေးတဲ့အခါလည်း ပျော်စရာကောင်းတဲ့ စာအုပ်လေးတွေနဲ့ ဗဟုသုတရတဲ့ စာအုပ်လေးတွေကို တွဲဝယ်ပေးပါ။ မိမိတို့အနေနဲ့ အပြင်သွားတာဖြစ်ဖြစ် အိမ်အလည်သွားတာဖြစ်ဖြစ် ကလေးတွေဖတ်လေ့ဖတ်ထရှိတဲ့ စာအုပ်လေးတွေယူသွားပေးပါ။ ဒါလေးကတော့ ကလေးကို ဘယ်သွားသွား စာအုပ်လေးတွေယူသွားတတ်တဲ့ အကျင့်ဖြစ်စေမှာပါ။

(၃) ကလေးတွေကို စာအုပ်ရွေးခွင့်ပြုလိုက်ပါ

ကလေးကိုဘယ်လိုစာအုပ်မျိုးဘဲဖတ်ရမယ်လို့ သတ်မှတ်တာထက် မိမိကလေးကိုယ်တိုင်က အကျိုးရှိတဲ့စာအုပ်လေးတွေကို ရွေးချယ်နိုင်တာကပိုကောင်းပါတယ်။ မိမိတို့အနေနဲ့ ကလေးကို ဒီတစ်ခေါက်တော့ ဘယ်လိုစာအုပ်မျိုးလေးထဲက ရွေးဖတ်၊ နောက်တစ်ခေါက်တော့ ကာတွန်းစာအုပ်လေးဖတ်ဆိုပြီး အရင်သတ်မှတ်ပေးလိုက်ပါ။ ဒီနည်းလမ်းလေးက ကလေးတွေကို ဘယ်လိုစာအုပ်မျိုးလေးတွေက ကိုယ့်အတွက်ပိုအကျိုးရှိလဲ သိစေနိုင်ပြီး ကလေးတွေကို စာဖတ်ပျင်းသွားတာမျိုး မဖြစ်ရအောင်လည်း ကူညီပေးနိုင်ပါတယ်။

(၄) အိပ်ရာမဝင်ခင်တိုင်း စာဖတ်တဲ့အကျင့်လုပ်ပေးပါ

ကလေးက အသက်ကြီးလာတာနဲ့အမျှ ကျောင်းတွေ ကျူရှင်တွေကြောင့် စာဖတ်ချိန်မရှိတာမျိုး၊
စာမဖတ်ဖြစ်တော့တာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ညအိပ်ခါနီးတိုင်း အိပ်မပျော်ခင်အထိ
စာဖတ်တဲ့အကျင့်လေးလုပ်ပေးပါ။ ငယ်စဥ်ထဲက ကလေးအိပ်ချိန်တိုင်း ကလေးကိုပုံပြင်စာအုပ်လေးတွေ
ဖတ်ပြပေးပါ။ ကလေးရဲ့အသက်နဲ့လိုက်ဖက်ပြီး ဗဟုသုတရနိုင်တဲ့ စာအုပ်မျိုးလေးတွေ ဖတ်ပြပေးပါ။ ကျောင်းနေခါစအရွယ်မှာတော့ ကလေးကိုကိုယ်တိုင်ဖတ်ခိုင်းပါ။ ဒီအကျင့်လေးက မွေးမြူရလွယ်ကူပြီး အချိန်မရှိလို့ စာမဖတ်ဖြစ်တာမျိုးတွေ မဖြစ်အောင်ကူညီပေးနိုင်ပါတယ်။

(၅) ကလေးနဲ့အတူ စာဖတ်ပါ

စာဖတ်တဲ့အလေ့အကျင့်နဲ့အတူ ပြန်ပြီးရှင်းပြနိုင်တဲ့ အလေ့အကျင့်ကိုပါ စတင်ပါ။ ကလေးအများစုက
မိမိကိုယ်တိုင်ကစာဖတ်ကြပေမဲ့ ကိုယ်သိထားတဲ့အကြောင်းအရာကို တခြားသူတစ်ယောက်ကို
နားလည်အောင်ပြန်ပြီး မရှင်းပြနိုင်တာတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် ငယ်စဥ်ထဲက စာဖတ်ခြင်းအလေ့အကျင့်နဲ့အတူ ကိုယ်သိထားတဲ့ အကြောင်းအရာကို တခြားသူတစ်ယောက် နားလည်အောင် ပြန်ရှင်းပြနိုင်အောင်ပါ လေ့ကျင့်ပေးပါ။ ငယ်စဥ်တည်းက ကလေးနဲ့တူတူစာဖတ်တဲ့အပြင် ကလေးက
ဖတ်လိုက်တဲ့ အကြောင်းအရာကို ဘယ်လိုနားလည်တယ်၊ ဘယ်လိုအကြောင်းအရာမျိုးကို ပြောတယ်ဆိုတာ
ကလေးနဲ့အတူ ဆွေးနွေးပေးပါ။

ဒါလေးတွေဟာ အခြေခံလုပ်ဆောင်နိုင်တဲ့ပုံစံလေးတွေဖြစ်ပြီး ဒီအချက်လေးတွေကို အားလုံးလုပ်ဆောင်ရမယ်မဟုတ်ပဲ မိမိကလေးနဲ့ လိုက်ဖက်တဲ့ပုံစံလေးတွေကို ကျင့်သုံးလည်းရပါတယ်။ အဓိက ရည်မှန်းချက်ဖြစ်တဲ့ ကလေးအတွက် ငယ်စဥ်တည်းက စာဖတ်ဝါသနာအထုံလေးပါသွားတယ်ဆိုရင် အဆင်ပြေပါတယ်။


Related Posts
...
ဘာသာစကားတစ်ခုကိုလေ့လာတဲ့အခါ "I Quit!" ဆိုပြီး စိတ်ဓာတ်မကျရလေအောင်

Tips for Learning Language

Read More about ဘာသာစကားတစ်ခုကိုလေ့လာတဲ့အခါ "I Quit!" ဆိုပြီး စိတ်ဓာတ်မကျရလေအောင်
...
ထက်မြက်တဲ့ ကလေးတစ်ယောက်ဖြစ်လာစေဖို့

Parenting Tips

Read More about ထက်မြက်တဲ့ ကလေးတစ်ယောက်ဖြစ်လာစေဖို့
...
နည်းပညာခေတ်နှင့် ကလေး၏ဖွံ့ဖြိုးတိုးတက်မှု

Kid in IT era

Read More about နည်းပညာခေတ်နှင့် ကလေး၏ဖွံ့ဖြိုးတိုးတက်မှု