လေ့လာထားတဲ့ ဘာသာစကားတွေကို အိမ်မှာတစ်ယောက်တည်း ဘယ်လိုပြန်လေ့ကျင့်မလဲ
Posted on 31st May 2025
Language Tips English YouthHow to practice Language skills at Home
ကိုယ်လေ့လာထားတဲ့ ဘာသာစကားသင်ခန်းစာတွေကို မေ့မသွားအောင် ကိုယ့်ဘာသာ အိမ်မှာတစ်ယောက်တည်း လေ့ကျင့်လို့ရပါတယ်။ တစ်ယောက်တည်း ဘာသာစကားတွေကိုလေ့ကျင့်ရတာ ထိရောက်ပါ့မလား။ နောက်ပြီး အိမ်မှာလေ့ကျင့်ထားသော်ငြားလည်းပဲ လူတွေရှေ့ရောက်ရင် ပြောရဲပါ့မလားဆိုတာမျိုးကို တွေးနေကြမှာပါ။ ဘယ်လိုနည်းလမ်းတွေနဲ့များ တစ်ယောက်တည်း စကားပြော လေ့ကျင့်နိုင်မလဲဆိုတာ လေ့လာကြည့်ရအောင်။
(၁) App တွေနဲ့အတူ လေ့ကျင့်မယ်
ပထမဦးဆုံးနည်းလမ်းတစ်ခုက ကိုယ့်ဖုန်းထဲမှာ ကိုယ်လေ့လာထားတဲ့ ဘာသာစကားကို လေ့ကျင့်ပေးနိုင်မယ့် App တစ်ခု ထည့်ထားလိုက်ပါ။ အခုလိုတိုးတက်နေတဲ့အချိန်မှာတော့ ဘာသာစကားသင်ယူလို့ရတဲ့ app တွေ website တွေကို internet ကနေ အလွယ်တကူ ရှာဖွေလို့ရပါတယ်။ စကားပြောလေ့ကျင့်ပေးတဲ့ Learning App တော်တော်များများမှာ သင်တန်း သွားတက်သလို၊ ဆရာနဲ့ နှစ်ဦးထဲသင်နေရသလို၊ တခြားလူမျိုးတစ်ယောက်နဲ့အတူ အပြန်အလှန် လေ့ကျင့်နေသလို ခံစားရမယ့် AI အသုံးပြု App တွေကိုလည်းအသုံးပြုနိုင်တာကြောင့် အဖော်မရှိလည်း တစ်ယောက်တည်း AI နဲ့အတူ လေ့ကျင့်နိုင်မှာဖြစ်လို့ ကိုယ့်ရဲ့ ဘာသာစကားပြောစွမ်းရည် တိုးတက်လာပါလိမ့်မယ်။
(၂) ကိုယ့်ကိုယ်ကိုယ် ပြန်ပြောမယ်
ကိုယ့်ကိုယ်ကိုစကားပြန်ပြောခြင်းက ကိုယ်သိတဲ့ဝေါဟာရတွေ၊ သဒ္ဒါတည်ဆောက်ပုံတွေအားလုံးကို မှတ်မိအောင် ကိုယ့်စိတ်ကတွန်းအားပေးလုပ်ဆောင်တဲ့ နည်းလမ်းပဲ ဖြစ်ပါတယ်။ ဒီနည်းလမ်းလေးက ဦးနှောက်ထဲမှာ သင်ယူထားခဲ့ပြီးတဲ့ ဝေါဟာရတွေကို ပြန်လည်မှတ်မိလာစေဖို့ လေ့ကျင့်တာဖြစ်ပါတယ်။ ဥပမာ- ကိုယ်နဲ့ပတ်သက်နေတဲ့ ခေါင်းစဉ်တွေအကြောင်းစဉ်းစားပြီး ဖြစ်နိုင်သမျှ ပတ်ဝန်းကျင်မှာ သုံးနေကျ အသုံးအနှုန်းမျိုးသုံးပေးပါ။ ဒါမှအလေ့အကျင့်ရပြီး နေ့စဉ်ဘဝမှာပြောနိုင်လာမှာပါ။
(၃) ကိုယ့်အသံကို ပြန်လည်အသံသွင်းထားပါ
ကိုယ့်ရဲ့ ဘာသာစကားပြောစွမ်းရည် တိုးတက်ဖို့အတွက် ကိုယ်လေ့လာထားတဲ့ ဘာသာစကားကို
ပြောဆိုတဲ့အခါ ကိုယ်ပြောတဲ့အသံပီမပီ၊ အသံထွက်မှန်မမှန် သိဖို့အတွက် တစ်ယောက်ယောက်ရဲ့ အကြံပေးချက်ကို သိဖို့လိုပါတယ်။ ကိုယ့်အသံကို ပြန်နားထောင်တာက ကိုယ့်ကိုယ်ကို ဘယ်နေရာမှာတိုးတက်ဖို့လိုနေလဲဆိုတာ အကဲခတ်လို့ရပါတယ်။ ဥပမာ- ဟင်းချက်ကြမယ် ဆိုတဲ့ခေါင်းစဉ်နဲ့ လေ့ကျင့်မယ်ဆိုရင် လေ့ကျင့်နေချိန် အသံသွင်းထားပါ။ ပြီးတော့ မူရင်းအသံရယ် ကိုယ့်အသံရယ်ကို ယှဉ်ကြည့်ပြီး တခြားလူမျိုး တစ်ယောက်ရဲ့ အသံနေအသံထား၊ ပြောပုံဆိုပုံ၊ အသံထွက်တွေကို လေ့လာပါ။ ဒါကစကားပြောစွမ်းရည်တိုးတက်နိုင်ဖို့ နည်းလမ်းများစွာထဲမှ အထိရောက်ဆုံး နည်းလမ်းတစ်ခုပဲ ဖြစ်ပါတယ်။
(၄) စာအုပ်တွေကို အသံကျယ်ကျယ်ဖြင့်ဖတ်ပါ
ကိုယ်လေ့လာထားတဲ့ ဘာသာစကားနဲ့ရေးထားတဲ့ စာအုပ်တွေကို အသံကျယ်ကျယ်နဲ့ဖတ်တာက ကိုယ်လေ့လာထားတဲ့ ဘာသာစကားပြောတတ်တဲ့အကျင့်ကို မွေးမြူပေးသလိုပါပဲ။ တခြားဘာသာစကားကို ပြောဆိုရဲအောင် လေ့ကျင့်မယ်ဆိုရင် ကိုယ်လေ့လာတဲ့ ဘာသာစကားရဲ့ ဝေါဟာရတွေ၊ ဝါကျတွေကို အသံကျယ်ကျယ် နဲ့ဖတ်ပါ။ ကိုယ်ကြိုက်တဲ့ ဝတ္ထုပဲဖြစ်ဖြစ် ၊ ပုံပြင်ပဲဖြစ်ဖြစ် အသံထွက်ဖတ်ခြင်းက ပျော်စရာကောင်းပါတယ်။ နောက်ပြီး ဒီနည်းလမ်းကို ကိုယ့်သူငယ်ချင်းတွေ၊ မိသားစုတွေ၊ ကလေးငယ်တွေနဲ့အတူ လုပ်ကြည့်လို့ရပါတယ်။
(၅) အတုခိုးပြီး ပြောမယ်
ကိုယ်လေ့လာနေတဲ့ ဘာသာစကားနဲ့ပြောတဲ့ ရုပ်ရှင်တွေကို ကြည့်ပါ။ အဲ့ရုပ်ရှင်တွေက သရုပ်ဆောင်တွေ
ရဲ့ ပြောဟန်တွေ၊ အသံထွက်တွေလေ့လာပြီး လိုက်ပြောကြည့်ပါ။ ဒီနည်းလမ်းဟာ ကိုယ့်ရဲ့အသံထွက်၊ အသံအထားအသို တိုးတက်ကောင်းမွန်လာစေရုံသာမက ကိုယ်လေ့လာထားတဲ့ ဘာသာစကားကို သဘာဝကျကျ ပြောတတ်လာအောင်လည်း ကူညီပေးနိုင်ပါတယ်။
အခုပြောပြခဲ့တဲ့ နည်းလမ်းလေးတွေကို လက်တွေ့အသုံးချပြီးတော့ ကိုယ့်ရဲ့ဘာသာစကားစွမ်းရည်ကို
တိုးတက်လာအောင် ကိုယ့်ဘာသာအိမ်မှာပဲ လေ့ကျင့်နိုင်ပါတယ်။
Related Posts
ဘာသာစကားတစ်ခုကိုလေ့လာတဲ့အခါ "I Quit!" ဆိုပြီး စိတ်ဓာတ်မကျရလေအောင်
Tips for Learning Language
Read More about ဘာသာစကားတစ်ခုကိုလေ့လာတဲ့အခါ "I Quit!" ဆိုပြီး စိတ်ဓာတ်မကျရလေအောင်
ကလေးရဲ့ အင်္ဂလိပ်ဘာသာစကားအခြေခံကောင်းအောင် အိမ်မှာပဲ ဘယ်လိုပျိုးထောင်ပေးမလဲ
Teaching Young Learners English at home
Read More about ကလေးရဲ့ အင်္ဂလိပ်ဘာသာစကားအခြေခံကောင်းအောင် အိမ်မှာပဲ ဘယ်လိုပျိုးထောင်ပေးမလဲ
ငယ်စဥ်ကတည်းက အင်္ဂလိပ်စာကောင်းအောင် ဘယ်လိုပျိုးထောင်ပေးမလဲ
How to improve English Language skill for kids
Read More about ငယ်စဥ်ကတည်းက အင်္ဂလိပ်စာကောင်းအောင် ဘယ်လိုပျိုးထောင်ပေးမလဲ