ထက်မြက်တဲ့ ကလေးတစ်ယောက်ဖြစ်လာစေဖို့

Posted on 31st May 2025

Tips Parenting
Parenting Tips
ထက်မြက်တဲ့ ကလေးတစ်ယောက်ဖြစ်လာစေဖို့

ကလေးတွေအတွက် ဘဝ ကျွမ်းကျင်မှု သင်ခန်းစာများဟာ အလွန်အဖိုးတန်လှပါတယ်။ ကလေးတွေဟာ အထက်တန်းကျောင်းမတက်ခင်အထိ လက်တွေ့အခြေအနေတွေကို ဘယ်လိုရင်ဆိုင်ရမယ်ဆိုတာကို မသိရှိကြပါဘူး။
မိဘတွေဆိုတာက ကလေးတစ်ယောက်ရဲ့ ပထမဦးဆုံးနဲ့ အရေးပါဆုံးသောဆရာများဖြစ်ပါတယ်။ မိဘများအနေနဲ့ ကလေးများကို အသက် ၅ နှစ်မှ ၁၂ နှစ်အထိ မိမိကိုယ်ပိုင်ဆုံးဖြတ်ချက်များချတတ်အောင်၊ နေ့စဉ် ပုံမှန်နည်းစနစ် ကျအောင် နေထိုင်ပုံများနဲ့ ဘယ်လိုအရာတွေသင်ပေးသင့်လဲဆိုတာကို ပြောပြပေးသွားပါမယ်။

(၁) ကိုယ်ပိုင်ဆုံးဖြတ်ချက်ချနိုင်စွမ်း

ဆုံးဖြတ်ချက်တွေကို ကောင်းစွာချတတ်နိုင်ဖို့ သင်ယူတာဟာ ကလေးတွေအနေနဲ့ငယ်စဉ်တည်းက သင်ယူသင့်တဲ့ ဘဝတစ်လျှောက်လုံးအတွက်အရေးပါသောကျွမ်းကျင်မှုတစ်ခုဖြစ်ပါတယ်။ ဒီလိုမျိုး သင်ကြားပေးပါကကလေးငယ်များအနေဖြင့် ဘယ်အရာက ကောင်းတယ်၊ မကောင်းဘူးစသဖြင့် သူတို့ကိုယ်တိုင် ဆုံးဖြတ်တတ်လာတဲ့အကျိုးကျေးဇူးတွေရလာပါလိမ့်မယ်။ သူတို့ရဲ့ဆုံးဖြတ်ချက်လေးတွေကိုကြည့်ပြီး မိဘတွေအနေနဲ့ ဘယ်ဟာကတော့ မှန်တယ်..ဘယ်ဟာကတော့ မှားတယ်စသဖြင့် ပြန်လည်ကြီးကြပ်ပေးဖို့တော့လိုပါတယ်။ ဒါမှသာ ကလေးတွေရဲ့ကိုယ်ပိုင်ဆုံးဖြတ်နိုင်တဲ့ စွမ်းရည်အပြင် ကိစ္စတစ်ခုကိုအမှားအမှန်ဝေဖန်သုံးသပ်နိုင်စွမ်းကိုပါ မြှင့်တင်ပေးရာရောက်မှာဖြစ်ပါတယ်။

(၂) အချိန်များကိုစီမံခန့်ခွဲနိုင်မှု

လူတိုင်းရဲ့ ဘဝမှာ အချိန်ကိုစနစ်တကျ စီမံခန့်ခွဲနိုင်မှုဟာ အလွန်အရေးကြီးလှပါတယ်။ မိဘများအနေနဲ့ ကလေးတွေကို အိပ်ချိန်၊ စာလေ့လာချိန်၊ အစာစားချိန်၊ ကစားချိန် စသဖြင့် သူတို့ကိုယ်တိုင် စနစ်တကျ ခွဲတတ်လာနိုင်စေဖို့လေ့ကျင့်သင်ကြားပေးရန်လိုအပ်ပါတယ်။ ကလေးတွေအနေနဲ့ မိမိလုပ်ရမည့် အရာများကို ကိုယ်ပိုင် အချိန်ဇယားဆွဲပြီး လုပ်တတ်လာအောင်၊ အချိန်ဇယားပေါ်မှာချမှတ်ထားတဲ့အရာတွေကိုအချိန်မှီ ပြီးမြောက်နိုင်အောင် ကြိုးစားတတ်စေဖို့ကိုလည်း ငယ်စဉ်တည်းကစနစ်တကျလေ့ကျင့်ပေးသင့်ပါတယ်။ ဒါမှသာ အသက်အရွယ်ကြီးလာတဲ့အခါ စာလေ့လာရာမှာဖြစ်စေ၊ အလုပ်အကိုင်ဆောင်ရွက်ရာမှာ ဖြစ်စေ အလုပ်တစ်ခုကို အချိန်အပိုင်းအခြားနဲ့ တိတိကျကျလုပ်တတ်တဲ့အလေ့အကျင့်ကောင်းကို ရရှိသွားမှာဖြစ်ပါတယ်။

(၃) ငွေကြေးကိုစနစ်တကျသုံးတတ်စေခြင်း

မိဘများအနေနဲ့ ကလေးတွေကို ငွေကြေးရဲ့အရေးကြီးပုံနှင့် ငွေကြေးတစ်ခုကို စနစ်တကျစီမံခန့်ခွဲ သုံးစွဲတတ်စေဖို့ ငယ်စဉ်တည်းက သင်ပေးသင့်ပါတယ်။ ပိုက်ဆံကိုတွက်ချက်တတ်ဖို့အတွက် အခြေခံသင်္ချာလေးတွေကို မိဘတွေက သင်ကြားပေးလို့ရပါတယ်။ အချို့မိဘတွေက ကလေးကို မုန့်ဖိုးပေးလိုတဲ့အခါ ဒီအတိုင်းပေးလိုက်တဲ့အစား အိမ်မှာသူတို့ခွန်အားနဲ့ လုပ်နိုင်တဲ့ဘယ်အလုပ်တွေကိုတော့ မိဘတွေကို ကူညီပေးရမယ်၊ အလုပ်ဘယ်နှခုပြီးမြောက်တယ်ဆိုရင် မုန့်ဖိုးဘယ်လောက်ရမယ်ဆိုပြီး သတ်မှတ်ထားပေးတတ်တဲ့ အလေ့အကျင့်ကောင်းလေးတွေလည်း အကျိုးရှိပါတယ်။ ဒါလေးဟာလည်း ကောင်းမွန်တဲ့ အလေ့အကျင့်တစ်ခုပါ။ ဒါမှသာ ငယ်စဉ်တည်းက ငွေကြေးရဲ့တန်ဖိုးကို နားလည်လာပြီး အသက်အရွယ်တစ်ခုရောက်လာလို့ ကိုယ်ပိုင်လစာရရှိတဲ့အခါ စုဆောင်းတတ်ခြင်း၊ ချွေတာသုံးစွဲတတ်ခြင်းစတဲ့ အကျိုးကျေးဇူးများရရှိပါလိမ့်မယ်။

(၄) သန့်သန့်ရှင်းရှင်းနဲ့ ကျန်းမာစွာနေထိုင်တတ်ဖို့

မိဘတွေအနေနဲ့ ကလေးတွေကို ကျန်းမာရေးနဲ့ တစ်ကိုယ်ရေသန့်ရှင်းရေး ဂရုစိုက်မှုဟာ အရေးကြီးကြောင်းကိုလဲ သင်ကြားပေးသင့်ပါတယ်။ ကလေးတွေကိုယ်တိုင် သွားတိုက်၊ ရေချိုးတတ်ဖို့နဲ့
အဝတ်များ၊ အတွင်းခံများကိုလဲလှယ်ပြီး ဝတ်ဆင်တတ်ဖို့ ငယ်ရွယ်စဉ်ထဲကသင်ကြားပေးသင့်ပါတယ်။
အချိန်မှန်အိပ်ပြီး အချိန်မှန်ထတဲ့အလေ့အကျင့်ကိုလဲ လေ့ကျင့်ပေးပါ။ ကျန်းမာရေးကောင်းမွန်ခြင်းက ဘယ်လောက်အရေးပါတယ်ဆိုတာကို ကလေးတွေနားလည်အောင် သေချာလေးရှင်းပြပေးပါ။

(၅) ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေစွာ နေထိုင်တတ်အောင်သင်ကြားပေးပါ

ဘဝမှာအရေးကြီးဆုံးက လူတစ်ဦးနှင့်တစ်ဦး ကောင်းမွန်စွာဆက်ဆံတတ်ဖို့ကအရေးကြီးဆုံးပါပဲ။
စကားပြောတဲ့အခါ ယဉ်ကျေးစွာပြောတတ်အောင်၊ တစ်ဦးနဲ့တစ်ဦးကြားမှာ လေးစားမှုထားရှိပြီး ပြောဆိုတတ်အောင်တို့ကို မိဘတိုင်းက သားသမီးများငယ်စဉ်တည်းက သင်ကြားပေးသင့်ပါတယ်။ ဒါမှသာ ငယ်စဉ်ကတည်းက လူမှုဆက်ဆံရေးကောင်းမွန်ပြီး လူချစ်လူခင်ပေါများလာမှာဖြစ်ပါတယ်။

ဒီအချက်တွေအားလုံးဟာကလေးတွေအတွက်ဘဝမှာမရှိမဖြစ်လိုအပ်တဲ့အရာလေးတွေဖြစ်ပါတယ်။ ကလေးငယ်တွေ ချော့တန်တစ်လှည့်၊ ခြောက်တန်တစ်လှည့်ဖြင့် နားလည်အောင် သင်ပေးခြင်းက သူတို့လေးအတွက် ပျော်ရွှင်ဖွယ်ကောင်းသလို၊ ဘဝအတွက်လိုအပ်တာတွေကိုလည်း တစ်ခါတည်းသိရှိနားလည်သွားနိုင်တဲ့ နည်းလမ်း ကောင်းလေးများဖြစ်ပါတယ်။


Related Posts
...
ဘာသာစကားတစ်ခုကိုလေ့လာတဲ့အခါ "I Quit!" ဆိုပြီး စိတ်ဓာတ်မကျရလေအောင်

Tips for Learning Language

Read More about ဘာသာစကားတစ်ခုကိုလေ့လာတဲ့အခါ "I Quit!" ဆိုပြီး စိတ်ဓာတ်မကျရလေအောင်
...
နည်းပညာခေတ်နှင့် ကလေး၏ဖွံ့ဖြိုးတိုးတက်မှု

Kid in IT era

Read More about နည်းပညာခေတ်နှင့် ကလေး၏ဖွံ့ဖြိုးတိုးတက်မှု
...
ဆရာကောင်းတစ်ယောက်မှာ ရှိရမယ့် အရည်အသွေးများ

Good Teacher for Students

Read More about ဆရာကောင်းတစ်ယောက်မှာ ရှိရမယ့် အရည်အသွေးများ