ကလေးကို သင်ပေးရမယ့် တစ်ဘဝလုံးစာ ပညာများ
Posted on 31st May 2025
Tips ParentingLife Skills for Kids
မိဘဆိုတာ ကလေးတွေအတွက် လက်ဦးဆရာတွေ ဖြစ်ပါတယ်။ မိဘတွေက ကလေးတွေကို စိတ်ဓာတ်တွေကောင်းစေဖို့ စည်းကမ်းတွေ ရှိစေဖို့အပြင် သူတို့လေးတွေရဲ့တစ်ဘဝလုံးမှာ လိုအပ်လာမယ့် အသိပညာ၊ အတတ်ပညာတွေကိုလည်း သင်ပေးဖို့ တာဝန်ရှိပါတယ်။ ဒါဆို မိဘတစ်ယောက်အနေနဲ့ ကိုယ့်ကလေးတွေရဲ့ အနာဂတ်မှာ အထောက်အပံ့ဖြစ်စေဖို့ ဘာတွေသင်ပေးရမလဲဆိုတာ ဒီဆောင်းပါးလေးမှာ ပြောပြပေးပါ့မယ်။
(၁) ကျန်းမာရေးနဲ့ သက်ဆိုင်တဲ့အခြေခံတွေကို သိအောင်သင်ပေးပါ
ထိခိုက်ဒဏ်ရာရတဲ့အခါ ဘယ်လိုလုပ်ရမယ်၊ နေမကောင်းတဲ့အခါ ဘယ်လိုလုပ်ရမယ် စတဲ့ အရေးပေါ် ကျန်းမာရေးအခြေခံတွေတင် မဟုတ်ဘဲ အစာစားတဲ့အခါ အသီးအရွက်တွေကို စားသင့်တယ်၊ ကြက်ကြော်၊ ဆီကြော်တွေအပြင် fast foodတွေ စားတာများရင် ဘာဆိုးကျိုးတွေ ဖြစ်တတ်တယ်။ အိပ်ရေးဝဝအိပ်သင့်တယ်။ ကိုယ်လက်လှုပ်ရှား အားကစားပုံမှန်လုပ်သင့်တယ် စသဖြင့် ကျန်းမာရေးနဲ့ ပတ်သက်ပြီး သင်ပြပေးတာလေးတွေ လုပ်ပေးသင့်ပါတယ်။
(၂) ကိုယ့်ကိုယ်ကို အားကိုးတတ်ဖို့သင်ပေးပါ
မိဘတွေက ကလေးကို ချစ်တဲ့စိတ်ကြောင့် ကိစ္စသေးသေးလေးတွေကအစ အကုန်လိုက်လုပ်ပေးလေ့ရှိပါတယ်။ ကလေးအနေနဲ့ အရွယ်ရောက်လာတဲ့အခါ ကိုယ့်ခြေထောက်အပေါ် ကိုယ်ရပ်တည်ရတဲ့အချိန်ကျ အခက်ကြုံလာနိုင်ပါတယ် ။ မိဘတွေအနေနဲ့ ကိုယ့်သားသမီးတွေအတွက် လမ်းညွှန်ပေးလို့ဘဲရမှာပါ။ အသက်ကြီးလာတာနဲ့အမျှ အစစအရာရာအကုန်လုံးကို လိုက်စီစဥ်ပေးဖို့ဆိုတာ အတော်ခက်ခဲပါတယ်။ ဒါကြောင့် ငယ်ငယ်တည်းက သူတို့ကိုယ် သူတို့အားကိုးတတ်ဖို့ သင်ပေးပါ။ သူတို့အရွယ်နဲ့ လုပ်နိုင်တဲ့ကိစ္စလေးတွေဆိုရင် သူတို့ကိုယ်တိုင် လုပ်တတ်အောင် နေတတ်ထိုင်တတ်အောင် သင်ပြပေးပါ။
(၃) အချိန်ကို အကျိုးရှိရှိ အသုံးချတတ်အောင်သင်ပေးပါ
ကလေးတွေကို ကျောင်းတက်ချိန်ကလွဲလို့ ကိုယ်ပိုင်အချိန်တွေကို အတတ်နိုင်ဆုံး သူတို့ဖာသာသူတို့ စီစဉ်ခိုင်းကြည့်ပါ။ Alarm နာရီတစ်ခုပေးပြီး ကျောင်းသွားဖို့ အချိန်တွေကို ကိုယ့်ဘာသာ ထခိုင်းကြည့်ပါ။ ဘယ်အချိန်ကို ဘာလုပ်မှ ကျောင်းချိန်မီမယ်ဆိုတာ သိပါလိမ့်မယ်။
(၄) ငွေကြေးနဲ့ပတ်သက်ပြီး စီမံတတ်အောင် သင်ပေးပါ
ကလေးက ပိုက်ဆံကို တန်ဖိုးထားတတ်အောင် သင်ပေးဖို့လိုပါတယ်။ ကလေးကအရုပ်ဖြစ်ဖြစ် တစ်ခုခုကို လိုချင်တဲ့အခါ မုန့်ဖိုးလေးတွေ ခွဲပေးပြီး သူ့ရဲ့ပိုက်ဆံလေးနဲ့စုပြီး ဝယ်ဖို့လုပ်ခိုင်းပါ။ ဒီလိုနည်းနဲ့ ကလေးကို ပိုက်ဆံစုတတ်အောင်သင်ပေးနိုင်ပါတယ်။ ဒီလိုတင်မကဘဲ မုန့်ဖိုးဘယ်လောက်လောက် စုမိပြီဆိုရင် ကိုယ်ကလည်း ဘယ်လောက်ထပ်ထည့်ပေးမယ်ဆိုပြီး ဆုပေးတဲ့စနစ်ကို ကျင့်သုံးကြည့်ပါ။ ဒီလိုအလေ့အကျင့်လေးလုပ်ပေးတာက ကလေးကို ငွေကြေးကို ချင့်ချိန်သုံးတတ်လာစေပါမယ်။
(၅) လိုအပ်တာနဲ့ လိုချင်တာကို ကွဲပြားအောင်သင်ပေးပါ
ကလေးသဘာဝ ကစားစရာတွေ၊ အရုပ်တွေလိုချင်တာက ပုံမှန်ပါဘဲ။ ဒါပေမဲ့ သူတို့လိုချင်တဲ့အရုပ်တိုင်းကို ဝယ်ပေးတာက ကလေးတွေအနေနဲ့ ငါလိုချင်တိုင်းရတယ်ဆိုတဲ့ စိတ်မျိုးဖြစ်စေပါတယ်။ ဒါကြောင့် တစ်ခါတစ်လေ သူတို့လေးတွေ အရုပ်လေးတွေ ပူဆာတဲ့အခါ -
“သား/သမီးမှာတော့ အရုပ်တွေများနေပြီ၊ အရုပ်အစား အခြား...သား/သမီးအတွက် လိုအပ်တာကို ဝယ်ပေးမယ်၊ ဘယ်ပစ္စည်းကတော့ သမီးအတွက် လိုအပ်တယ်”
ဆိုပြီးသင်ပေးပါ။ အသက်နည်းနည်းကြီးလာတဲ့အခါတော့ သား၊ သမီး ဘာလိုအပ်တယ်၊ ဘာလို့အဲ့တာကို လိုအပ်တာလည်းဆိုတာကို သူတို့ကိုသင်ပေးပြီးမှ ဝယ်ပေးပါ။ ဒီလိုမျိုးလုပ်ပေးတာက သူတို့ကို ငွေရဲ့တန်ဖိုးကိုနားလည်စေသလို၊ ဘယ်နေရာက ကိုယ်တကယ်သုံးသင့်လဲ၊ ဘယ်ဟာက တကယ်လိုအပ်တယ်ဆိုတာကို သိလာစေမှာပါ။
(၆) အကျိုးဆက်တွေကို လက်ခံနိုင်ဖို့ သင်ပေးပါ
ကိုယ်လုပ်လိုက်တဲ့ ကိစ္စ၊ ချမှတ်လိုက်တဲ့ ဆုံးဖြတ်ချက်၊ ရွေးချယ်လိုက်တဲ့လမ်း စတဲ့
အရာအားလုံးနောက်မှာ အကျိုးဆက်ဆိုတာရှိပါတယ်။ ကျနော်တို့က ကိစ္စတစ်ခုကို မရွေးချယ်ခင်၊ ဆုံးဖြတ်ချက်မချခင်မှာ အဲ့ကိစ္စရဲ့ကောင်းကျိုးတွေ၊ ဆိုးကျိုးတွေကို လက်ခံနိုင်ဖို့လိုအပ်ပါတယ်။ ဒါကြောင့် ကလေးကို ငယ်စဉ်ကတည်းက ကိစ္စတစ်ခုခုမလုပ်ခင်မှာ အရင်စဉ်းစားဖို့နဲ့ ကိုယ်လုပ်လိုက်တဲ့ ကိစ္စတွေရဲ့ အကျိုးဆက်ကို လက်ခံနိုင်အောင် သင်ပေးပါ။ ကိစ္စတိုင်းမှာ အကျိုးဆက်ရှိတယ်ဆိုတာ ပြောပြပေးပါ။
ဒီအလေ့အကျင့်လေးတွေကို ကလေးငယ်စဥ်မှာကတည်းက စနစ်တကျ သင်ပေးနိုင်မယ်ဆိုရင်တော့ အနာဂတ်မှာ တိုးတက်အောင်မြင်တဲ့ လူသားတစ်ယောက်ဖြစ်လာစေနိုင်မှာအမှန်ပါပဲ။ မိဘများအားလုံး စာပေအရာမှာရော လောကလူမှုဘဝမှာရော လိမ္မာပြီးအောင်မြင်တဲ့ သားငယ် သမီးငယ်များ ပိုင်ဆိုင်ကြပါစေလို့ ဆန္ဒမွန်ပြုလျက်..
Related Posts
ဘာသာစကားတစ်ခုကိုလေ့လာတဲ့အခါ "I Quit!" ဆိုပြီး စိတ်ဓာတ်မကျရလေအောင်
Tips for Learning Language
Read More about ဘာသာစကားတစ်ခုကိုလေ့လာတဲ့အခါ "I Quit!" ဆိုပြီး စိတ်ဓာတ်မကျရလေအောင်
ထက်မြက်တဲ့ ကလေးတစ်ယောက်ဖြစ်လာစေဖို့
Parenting Tips
Read More about ထက်မြက်တဲ့ ကလေးတစ်ယောက်ဖြစ်လာစေဖို့
နည်းပညာခေတ်နှင့် ကလေး၏ဖွံ့ဖြိုးတိုးတက်မှု
Kid in IT era
Read More about နည်းပညာခေတ်နှင့် ကလေး၏ဖွံ့ဖြိုးတိုးတက်မှု