နည်းပညာခေတ်နှင့် ကလေး၏ဖွံ့ဖြိုးတိုးတက်မှု
Posted on 31st May 2025
Tips Parenting ITKid in IT era
အခုလိုဖွံ့ဖြိုးတိုးတက်နေတဲ့ အချိန်မှာ မိဘတွေအနေနဲ့ ကလေးတွေကို ထိန်းကျောင်းရတာက
ပိုပြီးခက်ခဲလာပါတယ်။ နည်းပညာတွေ ဖွံ့ဖြိုးတိုးတက်လာတာကြောင့် ကိုယ်လိုချင်တဲ့၊ သိချင်တဲ့အ
ကြောင်းအရာကို internet ကချက်ချင်းရှာလို့ရသလို ဆိုးကျိုးအနေနဲ့ ကလေးတွေ ဂိမ်းစွဲတာတွေ၊
internet ကို အလွန်အကျွံ သုံးတာတွေ ကြုံတွေ့လာရပါတယ်။ဒီလို ၂၁ ရာစုမှာ မိဘတွေအနေနဲ့
ကိုယ့်ကလေးကို လမ်းမှားမရောက်ဘဲ ပိုပြီးတိုးတက်ဖွံ့ဖြိုးအောင် ဘယ်လိုနည်းလမ်းတွေသုံးပြီး ထိန်းကျောင်းလို့ရမလဲဆိုတာ MMtutors ကဆွေးနွေးတင်ပြပေးသွားမှာပါ။
(၁) ပြုစုစောင့်ရှောက်သူတင်မဟုတ်ဘဲ လမ်းညွှန်သူပါလုပ်ပေးပါ။
မိဘတော်တော်များများက ကလေးတွေကို အသက်အရွယ်ကြီးတဲ့အထိ အစစအရာအရာကို သူတို့ကိုယ်တိုင်လိုက်လုပ်ပေးလေ့ရှိကြပါတယ်။ ကိုယ့်ကလေးထိခိုက်မှာ လမ်းမှားရောက်မှာကို
စိတ်ပူတာကြောင့် အစစအရာရာ ကိုယ်စားဆုံးဖြတ်ပေးလေ့ရှိကြပါတယ်။ အဲ့ဒါက ကိုယ့်ကလေးကို ချစ်ရာမရောက်ဘဲ နစ်ရာရောက်စေပါတယ်။ ကလေးတွေက အရွယ်ရောက်လာတာနဲ့သမျှ ကိုယ်ပိုင်ဆုံးဖြတ်နိုင်စွမ်းနဲ့ လုပ်နိုင်စွမ်းရှိလာပါတယ်။ အိုးကောင်းကောင်းရဖို့ များများရိုက်ပေးရသလို
ကလေးမှာရှိတဲ့ အစွမ်းအစတွေတိုးတက်လာဖို့အတွက် များများအသုံးပြုပေးဖို့လိုပါတယ်။
ကလေးအတွက် ဆုံးဖြတ်ချက်တွေ ကိုယ်စားချပေးနေမဲ့အစား ကလေးရဲ့ ရွေးချယ်မှုကိုလက်ခံပြီး ဘာကြောင့်မှားတယ် ဘာကြောင့်မှန်တယ် ဘယ်လိုအခြေအနေမှာ ဘယ်လိုလုပ်သင့်တယ်လို့
နားလည်အောင် ရှင်းပြတာက ခုလို တိုးတက်လာတဲ့ နည်းပညာခေတ်မှာ Internet ပေါ်တွေ့သမျှကို ကိုယ်တိုင်အမှန်အမှားဆုံးဖြတ်နိုင်စွမ်း တိုးတက်လာစေပြီး ကလေးကို လမ်းမှားမရောက်အောင် ထောက်ပံ့ကူညီပေးနိုင်မှာပါ။
(၂) နည်းပညာတွေကိုကောင်းနေတဲ့နေရာမှာသုံးဖို့ လမ်းညွှန်ပေးပါ
နည်းပညာဆိုတာလည်း မီးလိုပါဘဲ သုံးတတ်ရင် အများကြီးအကျိုးပြုသလို
မသုံးတတ်ရင် ထိခိုက်ပျက်စီးတတ်ပါတယ်။ မိဘတွေအနေနဲ့ ကလေးကို ဖုန်းတွေ internet တွေ မသုံးဖို့
တားဆီးနေမဲ့အစား ကလေးတွေအတွက် အကျိုးရှိအောင် အသုံးပြုဖို့လမ်းညွှန်ပေးသင့်ပါတယ်။
မိဘတွေအနေနဲ့ ကလေးကို internet ကစိတ်အပန်းပြေစေဖို့ သီချင်းနားထောင်ရုံ၊
ဂိမ်းဆော့ရုံတင်မဟုတ်ဘဲ တခြားဗဟုသုတွေရှာလို့ရတာ၊ ကလေးရဲ့ ကျောင်းစာနဲ့ပတ်သက်တဲ့
အကြောင်းအရာတွေပါ ရှာဖွေပြီး အကျိုးရှိရှိအသုံးချလို့ရတယ်ဆိုတာသိအောင် သင်ပြပေးပါ၊
လမ်းညွှန်ပေးပါ။
(၃) မိမိကိုယ်တိုင် စံပြအဖြစ်ပြုမူပေးပါ
မိဘတွေအနေနဲ့ မိမိကိုယ်တိုင် ချမှတ်ထားတဲ့ စည်းကမ်းတွေကို မိမိကိုယ်တိုင်လိုက်နာသင့်ပါ
တယ်။ အတုမြင် အတတ်သင် ဆိုတဲ့စကားအတိုင်း ကလေးတွေက မိဘတွေ ချမှတ်ထားတဲ့စည်းကမ်းတွေ၊
မိဘတွေပြောတဲ့ စကားတွေထက် မိဘတွေ ဘယ်လိုနေထိုင် ပြောဆိုလဲဆိုတာကို အတုယူလေ့ရှိပါတယ်။
ကလေးကိုတော့ ဖုန်းသုံးရမယ့်အချိန် သတ်မှတ်ပေးပြီး မိမိကိုယ်တိုင်က သူတို့လေးတွေရှေ့မှာ သတ်မှတ်ထားတဲ့အချိန်ထက်ကျော်လွန်ပြီး ဖုန်းသုံးတာတွေ၊ internet သုံးနေတာတွေက ကလေးကို စည်းကမ်းချိုးဖောက်ဖို့ တွန်းအားပေးနေသလိုပါဘဲ။ ဒါကြောင့် မိမိအနေနဲ့ ဘာလို့စည်းကမ်းတွေချမှတ်ရလဲဆိုတဲ့ အကြောင်းပြချက်နဲ့အတူ မိမိကိုယ်တိုင်လည်း ထိုစည်းကမ်းချက်တွေကို လိုက်နာကျင့်သုံးကြောင်း ပြောပြဖို့လိုအပ်ပါတယ်။
(၄) စည်းကမ်းတွေ တူတူချမှတ်ပါ
တစ်နေ့ကို နာရီဝက်၊ တစ်နာရီဘဲ ဖုန်းသုံးရမယ်ဆိုပြီး အမိန့်ဆန်ဆန် စည်းကမ်းချမှတ်တာထက်
သား၊ သမီး ကျောင်းစာအရင်လုပ် ပြီးရင်တော့ သမီးတစ်နာရီလောက်ဖုန်းသုံး၊ တစ်နာရီလောက်ဆော့ဆိုပြီး
ပြောဆိုတာက ကလေးတွေကို ပိုပြီးနာခံစေမှာပါ။ ကလေးတွေ ဖုန်းသုံးချိန်မှာလည်း မိမိအနေနဲ့ ကလေးကို
တိုးတက်အောင် ကူညီပေးလို့ရပါတယ်။ ကလေးအတွက် အပျင်းလည်းပြေပြီး တိုးတက်အောင် ကူညီပေးနိုင်တဲ့ ဂိမ်းလေးတွေရှိပါတယ်။ ကလေးကလည်း ဂိမ်းဆော့ရတဲ့အတွက် စိတ်ကျေနပ်မှုရပြီး မိမိတို့အနေနဲ့လည်း
ကလေးကို ဖွံ့ဖြိုးတိုးတက်လာဖို့ ကူညီပေးနိုင်ပါတယ်။
(၅) Internet ပေါ်မှာမြင်သမျှ မယုံဖို့သင်ပေးပါ
Internet တွေ အသုံးများလာတဲ့အမျှ သတင်းအမှားတွေလည်း များလာပါတယ်။
အဲ့တာကြောင့် ကလေးတွေကို internet မှာမြင်သမျှသတင်းတွေကို မယုံဖို့သင်ပေးပါ။
မိဘတွေအနေနဲ့ ကိုယ့်ကလေးကို ဘယ်အကြောင်းအရာကို သိချင်ရင်ဘယ်မှာရှာကြည့်လို့
ရတယ် ဆိုတာမျိုးသင်ပေးပါ။
ခုလိုတဖြည်းဖြည်းတိုးတက်လာနေတဲ့အချိန်မှာ နည်းပညာနဲ့ ကင်းကွာနေဖို့က မဖြစ်နိုင်ပါဘူး။
ဒါကြောင့် မိဘတွေအနေနဲ့ ကလေးကို လမ်းမှားရောက်မှာ စိတ်ပူတာကြောင့် internet မသုံးနဲ့၊
game မဆော့နဲ့လို့ တားမြစ်နေမဲ့အစား အခုပြောပြပေးခဲ့တဲ့ နည်းလမ်းလေးတွေကို အသုံးပြုပြီးတော့ မိမိကလေးကို ပိုပြီးဖွံ့ဖြိုးတိုးတက်လာအောင် ကူညီပေးနိုင်ပါတယ်။
Related Posts
ဘာသာစကားတစ်ခုကိုလေ့လာတဲ့အခါ "I Quit!" ဆိုပြီး စိတ်ဓာတ်မကျရလေအောင်
Tips for Learning Language
Read More about ဘာသာစကားတစ်ခုကိုလေ့လာတဲ့အခါ "I Quit!" ဆိုပြီး စိတ်ဓာတ်မကျရလေအောင်
ထက်မြက်တဲ့ ကလေးတစ်ယောက်ဖြစ်လာစေဖို့
Parenting Tips
Read More about ထက်မြက်တဲ့ ကလေးတစ်ယောက်ဖြစ်လာစေဖို့
ဆရာကောင်းတစ်ယောက်မှာ ရှိရမယ့် အရည်အသွေးများ
Good Teacher for Students
Read More about ဆရာကောင်းတစ်ယောက်မှာ ရှိရမယ့် အရည်အသွေးများ