ငယ်စဥ်ကတည်းက အင်္ဂလိပ်စာကောင်းအောင် ဘယ်လိုပျိုးထောင်ပေးမလဲ
Posted on 31st May 2025
Learning for Kids Language Tips EnglishHow to improve English Language skill for kids
အင်္ဂလိပ်ဘာသာစကားတတ်မြောက်ထားခြင်းဟာ မရေမတွက်နိုင်တဲ့ အကျိုးကျေးဇူးတွေကို ရရှိစေနိုင်တယ်ဆိုတာကို မိဘတိုင်း ကျောင်းသားလူငယ်တိုင်း လက်ခံထားကြပါတယ်။ ဒါကြောင့်လည်း တက္ကသိုလ်ဝင်တန်းဖြေပြီးတာနဲ့ မိဘတွေဟာ တက္ကသိုလ်မဖွင့်ခင် အချိန်လေးအတွင်းမှာ လူငယ်တွေကို အင်္ဂလိပ်စာသင်တန်းတွေတက်ခိုင်းကြသလို တတ်နိုင်တဲ့မိဘတွေကလည်း အိမ်မှာ တစ်ဦးချင်းခေါ်သင်ပေးကြတာပါ။ ဒီနေ့မှာတော့ အသက်အရွယ်တစ်ခုရောက်လာမှ သင်ကြားပေးတာမျိုးမဟုတ်ပဲ ငယ်ငယ်တည်းက အင်္ဂလိပ်စာအခြေခံရှိလာအောင် မိဘတွေအနေနဲ့ ဘယ်လိုသင်ကြားပေးလို့ရလဲ၊ ဘယ်လို Guideline ပေးလို့ရမလဲဆိုတာကို ပြောပြပေးသွားပါမယ်။
(၁) အိပ်ယာဝင်ချိန် အင်္ဂလိပ်ပုံပြင်လေးတွေဖတ်ပြပေးပါ
အခုချိန်မှာ ကလေးတွေအတွက် အင်္ဂလိပ်ပုံပြင်စာအုပ်တွေ ဝယ်ရတာ လွယ်ကူလာပါပြီ။ ကလေးတွေဟာ ကိုယ် ဘယ်ဘာသာစကားနဲ့ဖတ်ပြနေလဲဆိုတာကို မေးမှာမဟုတ်ပေမယ့် အိပ်ယာဝင်ပုံပြင်မပြောပြမှာကို ပိုပြီးစိုးရိမ် တတ်ကြပါတယ်။ နောက်ပြီး ကလေးရုပ်ပြပုံပြင်စာအုပ်ထဲမှာပါတဲ့ အင်္ဂလိပ်ဝါကျများဟာ ရိုးရှင်းပြီး စကားလုံးတွေ ထပ်ခါထပ်ခါ ပါဝင်တာကြောင့် ကလေးတွေရဲ့ ဘာသာစကားစွမ်းရည်ဟာ တိုးတက်လာမှာပဲ ဖြစ်ပါတယ်။ ဒါ ကြောင့် ရုပ်ပြပုံပြင်စာအုပ်လေးတွေဖတ်ပြခြင်းဟာ ကိုယ့်ကလေး အင်္ဂလိပ်စာကောင်းလာအောင် လေ့ကျင့်ပေးနိုင် တဲ့ အကောင်းဆုံးနည်းလမ်းပဲ ဖြစ်ပါတယ်။
(၂) ကလေးနဲ့အတူ ပြောဖို့အတွက် အိမ်မှာ အင်္ဂလိပ်စကားပြောတဲ့ အခိုက်အတန့်တစ်ခုကို ဖန်တီးပေးပါ
ဘာသာစကားတစ်ခုကို သင်ကြားတဲ့အခါ အရေးကြီးဆုံးက တတ်နိုင်သလောက်ပြောဆိုနေဖို့ပါ။ ကျောင်းနဲ့အိမ်ပဲ အမြဲသွားလာနေရတဲ့ ကလေးတစ်ယောက်အနေနဲ့ သင်တန်းတွေအပြင်မှာ လေ့ကျင့်ပြောဆိုဖို့အတွက်ဆို အိမ်မှာပဲလေ့ကျင့်မှရမှာပါ။ ဒါကြောင့် အကောင်းဆုံးက မိဘတွေအနေနဲ့ ကလေးနဲ့အတူ လေ့ကျင့်ပေးတာပါပဲ။ နဂိုအင်္ဂလိပ်စာ အခြေခံရှိထားပြီးသားမိဘတွေအနေနဲ့ ကိစ္စမရှိပေမဲ့ အင်္ဂလိပ်စာနဲ့ သိပ်မထိတွေ့ဖြစ်တဲ့ မိဘတွေအနေနဲ့ အင်တာနက်ကနေ ကိုယ်တိုင်လေ့လာလို့ရသလို၊ အိမ်မှာပဲ ကလေးနဲ့အတူ (၂) ယောက်သင်တာမျိုးလည်း ရပါတယ်။ အဓိကက ကလေးအနေနဲ့ အင်္ဂလိပ်ဘာသာစကားကို အဆက်မပြတ်သွားပဲ တစ်ရက်ကို ၁ နာရီဖြစ်ဖြစ်၊ နာရီဝက်ဖြစ်ဖြစ် ထိတွေ့ပြောဆိုနေဖို့ပါ။
(၃) အင်္ဂလိပ် ကလေးကဗျာတွေ၊ သီချင်းတွေ ဖွင့်ထားပေးပါ
ကလေးကဗျာလေးတွေ၊ သီချင်းလေးတွေကို ၃ ခေါက်၊ ၄ ခေါက်လောက် နားထောင်ပြီးပြီဆိုရင် ကလေးတွေဟာ ဝူးဝူးဝါးဝါး စတင်ဆိုနိုင်လာပါလိမ့်မယ်။ ပြီးရင် တစ်ယောက်တည်းအော်ဆိုနိုင်လာမယ် ။ စကားလုံးတွေ တစ်လုံးပြီးတစ်လုံးလည်း ပီသလာပါလိမ့်မယ်။ ဒါ့အပြင် သီချင်းထဲမှာပါတဲ့ ခက်ခဲတဲ့ဝါကျတည်ဆောက်ပုံတွေကိုတောင်မှ ကလေးတွေကို သင်ကြားပေးနိုင်ပါတယ်။ ဥပမာ - ‘If you’re happy and you know it, clap your hands’ ဒီလို ဝါကျပုံစံဟာ ကလေးတွေကို သင်ကြားပေးဖို့စိန်ခေါ်မှုဖြစ်နိုင်တဲ့ သဒ္ဒါတည်ဆောက်ပုံပဲ ဖြစ်ပါတယ်။ ဒါပေမယ့် သီချင်းနဲ့သင်ကြားပေးမယ်ဆို အခက်အခဲတစ်စုံတစ်ရာမရှိဘဲ နားလည်အောင် သင်ကြားပေးနိုင်မှာပဲ ဖြစ်ပါတယ်။
(၄) ကလေးအနေနဲ့ တစိုက်မတ်မတ်ကြိုးစားနေတဲ့အခါ ချီးကျူးပေးပြီး ဆုပေးပါ
ဆုပေးတဲ့အခါ ရလဒ်အပေါ်မူတည်ပြီးပေးတာဖြစ်ပေမဲ့ ကလေးကိုပြောတဲ့အခါ "ဒီရလဒ်ရလို့ ဖေဖေက၊ မေမေက ဒီဆုပေးတာ"ဆိုတာထက် ဒီလိုဖြစ်အောင်ကြိုးစားလို့ ဒီဆုကို ချီးမြှင့်ပေးတာဆိုတာမျိုးကို ပြောပေးပါ။ ဘာသာစကားဟာ တစ်သက်လုံးလေ့လာဆည်းပူးသွားရမယ့်အရာပါ။ ကလေးတွေကို ဆုပေးတဲ့နေရာမှာလည်း ရုပ်ဝတ္ထုပစ္စည်းတွေမှ မဟုတ်ပဲ "သူကြိုက်တာကစားခွင့် တစ်နာရီ၊ သူငယ်ချင်းတွေနဲ့အတူ ဘယ်နှနာရီကစားခွင့်" စသဖြင့် ဆုပေးတာမျိုးလည်းရပါတယ်။
ဒီအချက်လေးတွေဟာဆိုရင် မိဘတွေအနေနဲ့ ကလေးကို ငယ်ငယ်တည်းက အင်္ဂလိပ်ဘာသာစကားအခြေခံကောင်းလာအောင် လုပ်ပေးနိုင်တဲ့နည်းလမ်းလေးတွေပါ။ အခုလို တိုးတက်ခေတ်မီနေတဲ့ခေတ်ကြီးမှာ အင်္ဂလိပ်ဘာသာစကားကို တတ်မြောက်ထားတဲ့ ကလေးတွေအတွက် ကျောင်းစာမှာလည်း အခက်အခဲမရှိသလို အထက်တန်းပြီးလို့ နိုင်ငံခြားကျောင်းသွားတက်မယ်ဆိုလည်း အဆင်ပြေစေပါတယ်။ လုပ်ငန်းခွင်ဝင်တဲ့အခါမှာလည်း အခြားသူတွေထက် အခွင့်အလမ်းပိုများစေပါတယ်။ ဒါကြောင့်အင်္ဂလိပ်ဘာသာစကားကို ငယ်စဉ်ကတည်းက လေ့ကျင့်ပေးထားတာဟာ ကလေးအတွက် အနာဂတ်ရွှေအိုးကြီးပိုင်ဆိုင်နိုင်အောင် ရင်းနှီးမြှုပ်နှံပေးနေတာပဲ ဖြစ်ပါတယ်။
Related Posts
၂၀၁၇ ခုနှစ် မြန်မာတစ်နိုင်ငံလုံး ပထမဆုရှင် မောင်သုတရဲမိုး၏ အကြံပေးချက်များ
Advice from Outstanding students
Read More about ၂၀၁၇ ခုနှစ် မြန်မာတစ်နိုင်ငံလုံး ပထမဆုရှင် မောင်သုတရဲမိုး၏ အကြံပေးချက်များ
ကလေးရဲ့ အင်္ဂလိပ်ဘာသာစကားအခြေခံကောင်းအောင် အိမ်မှာပဲ ဘယ်လိုပျိုးထောင်ပေးမလဲ
Teaching Young Learners English at home
Read More about ကလေးရဲ့ အင်္ဂလိပ်ဘာသာစကားအခြေခံကောင်းအောင် အိမ်မှာပဲ ဘယ်လိုပျိုးထောင်ပေးမလဲ၂၀၁၈ ခုနှစ် မြန်မာတစ်နိုင်ငံလုံး ပထမ ဆုရှင် မသင်းမြနွေး၏ အကြံပေးချက်များ
Advice from Outstanding students
Read More about ၂၀၁၈ ခုနှစ် မြန်မာတစ်နိုင်ငံလုံး ပထမ ဆုရှင် မသင်းမြနွေး၏ အကြံပေးချက်များ