ဘာသာစကားတစ်ခုကိုလေ့လာတဲ့အခါ "I Quit!" ဆိုပြီး စိတ်ဓာတ်မကျရလေအောင်
Posted on 31st May 2025
Language TipsTips for Learning Language
ဘာသာစကားတစ်ခုကို လေ့လာနေရင်းနဲ့ ကိုယ်မလုပ်နိုင်တော့ဘူးဆိုပြီး အားငယ်သွားတတ်တဲ့သူတွေ အတွက် ဒီနေ့မှာတော့ MMtutors ကနေ ဘာသာစကားလေ့လာနေတဲ့အချိန်မှာ အမြဲစိတ်အားထက်သန်အောင် ဘယ်လိုလုပ်ဆောင်နိုင်မလဲဆိုတဲ့ အချက် (၅) ချက်ကို ပြောပြပေးသွားမှာဖြစ်ပါတယ်။
ကိုယ့်ရဲ့ မိခင်ဘာသာစကားအပြင် အခြား ဘာသာစကားကို တတ်မြောက်ချင်ရင်တော့ ကိုယ့်ရဲ့ ကြိုးစားအားထုတ်မှုက မရှိမဖြစ်လိုအပ်ပါတယ်။ ကြိုးစားအားထုတ်မှုအပေါ်မှာ မူတည်ပြီးတော့ တကယ်ကျွမ်းကျင်တတ်မြောက်ဖို့ လိုအပ်တဲ့အချိန်က အနည်းနဲ့ အများကွာသွားကြပါတယ်။
ဒါ့အပြင် ဘာသာစကားအသစ် တစ်ခုကို လေ့လာတာက မလွယ်ကူတာကြောင့် စိတ်ခံစားမှုကို လိုက်ပြီးတော့ “ဒါကို ငါမလုပ်နိုင်ဘူးကွာ၊ မလုပ်ချင်တော့ဘူးကွာ၊ မလုပ်လည်း ဘာမှဖြစ်တာမှမဟုတ်တာ” ဆိုပြီး လွယ်လွယ်နဲ့ လက်လျှော့တတ်တဲ့ စိတ်တွေကြောင့် ဘာသာစကား အသစ်တစ်ခုကို ပြီးဆုံးအောင် မလုပ်နိုင်ပဲနဲ့ လမ်းတဝက် တပျက်မှာ ရပ်တန့်သွားတာမျိုးတွေ ဖြစ်တတ်ပါတယ်။
ဒါဆိုဒီလိုမဖြစ်အောင် ဘယ်လိုမျိုး လုပ်ဆောင်ရမလဲ??
(၁) နေ့စဉ်လေ့ကျင့်ပါ
ကိုယ်က သင်တန်းသွားတက်နေတာပဲ ဒါတွေကို အိမ်မှာ ပြန်မလုပ်တော့ဘူး ဆိုတာထက် အိမ်မှာတစ်နေ့ကို နာရီဝက် တစ်နာရီလောက် ပြန်လေ့လာမယ်ဆိုရင် ကိုယ့်အတွက် အကျိုးရှိစေမယ့်အပြင် သင်ခဲ့တဲ့ Vocabulary တွေ Grammar အပိုင်းတွေကို လွယ်လွယ်နဲ့ မေ့မသွားတော့ပါဘူး။ ဒါကြောင့်သင်တန်းတွေချည်း အားကိုးမနေပဲ ကိုယ်ကိုယ်တိုင် နေ့တိုင်းအချိန်အနည်းငယ်ပေးပြီး ထိထိရောက်ရောက် လေ့ကျင့်ပါ။
(၂) ကိုယ်တကယ်လုပ်ဆောင်မယ့် အချိန်ဇယားတစ်ခုထားပါ
အချိန်ဇယားဆိုတာက ဘာသာစကားလေ့လာနေသူတွေအတွက် အရေးကြီးပါတယ်။ လေ့လာသူတော်တော်များများအနေနဲ့လည်း ဒီနေ့မှာ ဘယ် Lesson ကိုပြီးအောင် လုပ်မယ် မနက်ဖြန်ကျရင် ဘယ် Lesson ကို အပြတ်လုပ်မယ်ဆိုပြီး Planner လေးရှိနေတတ်ပါတယ်။ ဒါပေမဲ့ အဲဒီ Planner အတိုင်း နေ့စဉ်လုပ်ဆောင်နေတဲ့သူတွေ နည်းပါတယ်။ "ဒီနေ့တော့ နားလိုက်မယ်၊ မနက်ဖြန်ကျ တကယ်လုပ်မယ်" ဆိုပြီး ရွှေ့ရင်း ဆရာက မနက်ဖြန်စာစစ်မယ်ဆို ဒီနေ့မှ အသည်းအသန်ပြန်လုပ်ဖြစ်တတ်တဲ့ အကျင့်အတိုင်း ပြန်ဖြစ်သွားတတ်ပါတယ်။ တကယ်တော့ "ဘာသာစကားတစ်ခုလေ့လာတယ်ဆိုတာ မာရသွန်ပြေးပွဲပါ.. တာတိုပြေးလို့မရပါဘူး"။ နေ့စဉ်ပြောဆို ဖတ်မှတ်နေမှသာ တကယ့်ကျွမ်းကျင်လာမှာ ဖြစ်ပါတယ်။
(၃) ကိုယ့်ကိုယ်ကို ပြန်လည်သုံးသပ်ပါ
ဘာသာစကားတစ်ခုကို လေ့လာရင်းနဲ့ တစ်ရက်ထက် တစ်ရက်ပိုပြီးတိုးတက်လာသလား၊ ကိုယ့်ရဲ့ Speaking skill တွေ Listening skill တွေကရော ပိုကောင်းလာသလား ပြန်ပြီးသုံးသပ်ဝေဖန်ကြည့်ပါ။ ကိုယ်လေ့လာနေတဲ့ ဘာသာစကားနဲ့ပတ်သက်တဲ့ နှီးနှောဖလှယ်ပွဲတွေတက်ရောက်ပြီး ဝါသနာတူသူတွေနဲ့ သူငယ်ချင်းမိတ်ဆွေဖွဲ့ပါ။ Native တွေနဲ့ တွေဆုံဖြစ်တဲ့အခါ ရဲရဲဝင့်ဝင့်ပြောဆိုပါ။ ဒါမှသာ ကိုယ်ကိုယ်တိုင်ရဲ့တိုးတက်မှုကို သိရှိနိုင်မှာပါ။
(၄) ကိုယ့်ကိုယ်ကို အားပေးပါ။ ချီးမွမ်းပါ။
ဒီဟာကတော့ အရေးကြီးဆုံးပါပဲ။ ကိုယ့်ကိုယ်ကို Celebrate လုပ်တာက အကောင်းဆုံး Motivation ပါပဲ။ ကိုယ်ဒီနေ့မှာ အရမ်းကို ကြိုးကြိုးစားစားနဲ့ လေ့လာခဲ့တယ်ဆိုရင် နောက်နေ့မှာ ကောင်းကောင်းကြီး အနားယူလိုက်ပါ။ ဒါမှမဟုတ် ကိုယ့်ကိုယ်ကို ဂုဏ်ပြုတဲ့ အနေနဲ့ တစ်ခုခုဆုချလိုက်ပါ။ အောင်မြင်မှု အသေးလေးတွေကို ဂုဏ်ပြုရင်း ရည်မှန်းချက်ပန်းတိုင်ကို ရောက်အောင် တစ်လှမ်းချင်း လုပ်ဆောင်ပါ။
(၅) လေ့လာနေရင်း စိတ်ဓာတ်တွေကျပြီး လက်လျှော့အရှုံးပေးချင်လာတဲ့အခါ...
နောက်ဆုံးအချက်အနေနဲ့တော့ ကိုယ့်ရဲ့ အလုပ်ကြောင့်ဖြစ်ဖြစ် ကျောင်းကိစ္စကြောင့်ဖြစ်ဖြစ် ဘယ်လိုအကြောင်းကြောင့်ပဲဖြစ်ဖြစ် လေ့လာနေတာကို ရပ်တန့်ချင်လာပြီဆိုရင် ဘာကြောင့် ငါဒီဘာသာစကားကို လေ့လာနေရသလဲဆိုတာကို အမြဲသတိရဖို့လိုအပ်ပါတယ်။ လူတိုင်းဟာ ကိစ္စတစ်ခုကို စတင်လုပ်ဆောင်ချိန်မှာ အရမ်းကို စိတ်အားထက်သန်တတ်ပါတယ်။ ဒါပေမဲ့ အချိန်တစ်ခုကြာလာတဲ့အခါ စိတ်အားထက်သန်မှုဟာ လျော့ကျသွားပြီး နောက်ဆုံးမှာ "I quit" ဆိုပြီး လက်လျှော့သွားတတ်ကြပါတယ်။ ဒီလို မဖြစ်ရလေအောင် စိတ်ဓာတ်တွေအောက်ဆုံးထိ ကျရောက်နေတဲ့အခါဖြစ်စေ၊ စိတ်အားထက်သန်မှုလျော့ကျလာနေတဲ့အခါဖြစ်စေ အမြဲ "ငါ ဘာလို့ ဒါကို လေ့လာဖို့ စတင်ခဲ့ရတာလဲ" ဆိုတာကို သတိရပေးပါ။ ဒါမှသာ ဘာသာစကားလေ့လာမှုဆိုတဲ့ မာရသွန်ပြေးပွဲမှာ အောင်ပန်းဆင်နိုင်မှာဖြစ်ပါတယ်။
ဒီအချက်လေးတွေကတော့ ဘာသာစကားတစ်ခုကို လေ့လာတဲ့အခါ ကိုယ့်ကိုယ်ကို Motivated ဖြစ်အောင် ဘယ်လိုနေရမလဲဆိုတာလေးတွေပဲ ဖြစ်ပါတယ်။ MMtutors မှာသင်ကြားနေကြတဲ့ English၊ ဂျပန်၊ တရုတ်ဘာသာစကား အစရှိသဖြင့် လေ့လာနေသူတွေမှာဆိုရင်လည်း ဒီလိုမျိုးမဖြစ်ရအောင် ဆရာ ဆရာမတွေက အထူးအားထုတ်ပြီး တစ်ဦးချင်းဂရုစိုက်လမ်းညွှန်ပြသပေးရပါတယ်။ ဒါမှသာ ဘာသာစကားတစ်ခုကို ကျွမ်းကျင်စွာတတ်မြောက်ပြီး မြောက်မြားလှတဲ့အလုပ်အကိုင် အခွင့်အလမ်းတွေကို ရရှိနိုင်မှာမို့ပါ။
Related Posts
ကလေးရဲ့ အင်္ဂလိပ်ဘာသာစကားအခြေခံကောင်းအောင် အိမ်မှာပဲ ဘယ်လိုပျိုးထောင်ပေးမလဲ
Teaching Young Learners English at home
Read More about ကလေးရဲ့ အင်္ဂလိပ်ဘာသာစကားအခြေခံကောင်းအောင် အိမ်မှာပဲ ဘယ်လိုပျိုးထောင်ပေးမလဲ
ငယ်စဥ်ကတည်းက အင်္ဂလိပ်စာကောင်းအောင် ဘယ်လိုပျိုးထောင်ပေးမလဲ
How to improve English Language skill for kids
Read More about ငယ်စဥ်ကတည်းက အင်္ဂလိပ်စာကောင်းအောင် ဘယ်လိုပျိုးထောင်ပေးမလဲ
လေ့လာထားတဲ့ ဘာသာစကားတွေကို အိမ်မှာတစ်ယောက်တည်း ဘယ်လိုပြန်လေ့ကျင့်မလဲ
How to practice Language skills at Home
Read More about လေ့လာထားတဲ့ ဘာသာစကားတွေကို အိမ်မှာတစ်ယောက်တည်း ဘယ်လိုပြန်လေ့ကျင့်မလဲ