ဆရာကောင်းတစ်ယောက်မှာ ရှိရမယ့် အရည်အသွေးများ
Posted on 1st June 2025
Tips TeacherGood Teacher for Students
လူတိုင်းနီးပါး ငယ်စဥ်တောင်ကျေး ကလေးဘဝ မူလတန်းကစလို့ ဘဝတလျှောက် ဆရာတွေ အများကြီးနဲ့ ကြုံခဲ့ဖူးကြပါတယ်။ ဒီလို ကြုံခဲ့ရတဲ့ ဆရာအများကြီးထဲကမှ အခု အသက်တွေကြီးလာတဲ့ အထိ မမေ့နိုင်ဖြစ်ရတဲ့ ဆရာတွေ ဆရာမတွေရှိပါတယ်။ ဒီဆရာမကတော့ အရမ်းစည်းကမ်းကြီးတာ... ဒီဆရာကတော့ အသင်အပြ အရမ်းကောင်းတာ... ဒီဆရာကတော့ စေတနာအရမ်းကောင်းတယ်... ဆရာဆုံးမပြီး လမ်းပြခဲ့လို့သာ အခုလို လိမ္မာသွားတာ စသဖြင့် မှတ်မှတ်ရရနဲ့ ကျေးဇူးကြီးမားတဲ့ ဆရာတွေ ကိုယ်စီကိုယ်စီဘဝမှာ ကြုံခဲ့ ဆုံခဲ့ရပါတယ်။ ဒီတော့ ဘယ်အချက်တွေက ကိုယ့်အတွက် အမှတ်ရစေတဲ့ဆရာတစ်ယောက်အဖြစ် ခြားနားသွားစေခဲ့တာလဲ၊ ဘယ်လိုမျိုးအချက်တွေကြောင့် ဆရာကောင်းတစ်ယောက်လို့ အများက သတ်မှတ်ကြတာလဲဆိုတာ ဖော်ပြပေးလိုက်ပါတယ်။
(၁) တပည့်တွေပြောတာ သေချာ နားထောင်တယ်
ဆရာကောင်းတွေဟာ အမြဲတမ်း ပြောဆိုဆုံးမ မနေပါဘူး။ သေချာလည်း နားထောင်တတ်ကြသူတွေပါ။ ကျောင်းသားမှာ ဘာတွေဖြစ်နေလဲ၊ ဘာတွေတွေ့ကြုံနေရလဲ၊ ဘယ်လို အခက်အခဲမျိုးတွေ ရှိနေလဲဆိုတာကို အမြဲနားထောင်သလို အကူအညီလည်း ပေးတတ်ပါတယ်။ လမ်းပျောက်နေတဲ့ ကျောင်းသားကို လမ်းပြပေးတတ်ပါတယ်။
(၂) စာသင်တဲ့အခါ တပည့်နဲ့ အချိတ်အဆက်မပြတ်ဘူး
စာသင်ခန်းထဲ ဝင်လာပြီး သင်စရာရှိတဲ့စာကိုသင်ပြီး ပြန်ထွက်သွားတာမျိုးလုံးဝ မလုပ်ပါဘူး။ ကိုယ်သင်ကြားမယ့် သင်ခန်းစာကို ကျောင်းသား သေချာသဘောပေါက်နားလည်အောင် ကြိုးစားသင်ပေးပါတယ်။ အတန်းထဲမှာ ထိုင်နေတဲ့ ကျောင်းသားတွေရဲ့ မျက်နှာရိပ် မျက်နှာကဲကို အကဲခတ်တယ်။ ကျောင်းသားတွေရဲ့ မျက်နှာမှာ မရှင်းမလင်းဖြစ်နေတဲ့ အရိပ်အယောင်ရှိနေရင် သေချာရှင်းပြတယ်။ အပြန်အလှန် အမေးအဖြေတွေ လုပ်တယ်။ ကျောင်းသားတွေ အိပ်ငိုက်နေတာမျိုးတွေရှိရင် ဟာသလေးတွေ နှောပြီး သင်တယ်။ ဆွဲခေါ်တယ်။ ကျောင်းသားတွေနဲ့ ဘယ်တော့မှ အချိတ်အဆက် မပြတ်တဲ့ ဆရာဖြစ်ပါတယ်။
(၃) စာနာသနားစိတ်ကြီးတယ်
လူတစ်ယောက် ဘာဖြစ်နေတာလဲ တကယ်သိချင်ရင် အဲဒီလူ နေရာက ဝင်ခံစားကြည့်တတ်ရင် သိနိုင်ပါတယ်။ ဆရာကောင်းတွေဆိုတာ တပည့်တွေက ဘာတွေဖြစ်နေတယ်၊ ဘယ်လိုခံစားနေရတယ်ဆိုတာ သိကြပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် စိတ်ဖိစီးနေတဲ့ ကျောင်းသားတစ်ယောက်ကို ကိုယ်ကပါ ထပ်လောင်းပြီး ဖိအားပေးတာမျိုးတွေ မလုပ်တတ်ကြပါဘူး။ စာနာသနားစိတ် အရင်းခံပြီး ကျောင်းသားရဲ့ အခက်အခဲတွေကို ကိုယ့်ပြဿနာသဖွယ် ကူညီ ဖြေရှင်းပေးတတ်ကြပါတယ်။
(၄) စိတ်ရှည်တယ်
စာမလိုက်နိုင်တဲ့ စာနှေးတဲ့ ကျောင်းသားတွေကို စိတ်ရှည်လက်ရှည်နဲ့ ဆွဲခေါ်ပေးတယ်။ တစ်ခါတစ်လေ
အတန်းထဲမှာ တစ်မိပေါက် တစ်ယောက်ထွန်း အဆိုးလေးတွေ ပါလာတတ်တယ်။ အဲ့လို အခါမျိုးမှာလည်း စိတ်မရှည် သည်းမခံတာမျိုး မလုပ်ပဲ ကျောင်းသားကို တဖြေးဖြေး လိမ္မာယဥ်ကျေးလာအောင် ဖြည်းဖြည်းချင်း ဆွဲခေါ်တယ်။ သွန်သင်ပြသပေးတယ်။
(၅) ကျောင်းသားတွေရဲ့ အခြေအနေအလိုက် ပြောင်းလဲကိုင်တွယ်တယ်
စာသင်တဲ့အတန်း တစ်တန်းနဲ့ တစ်တန်း ကျောင်းသားတွေပေါ်မူတည်ပြီး ကိုင်တွယ်ရတာ မတူဘူးလို့ ဆရာမ တစ်ယောက်ပြောခဲ့ဖူးတယ်။ ဟုတ်ပါတယ် ကျောင်းသားအခြေအနေနဲ့ ပတ်ဝန်းကျင်ပေါ်မူတည်ပြီး ဆရာက စာသင်ဟန်၊ ကျောင်းသားကို ချဉ်းကပ်ပုံက အစ ပြောင်းလဲရပါတယ်။ ကိုယ်က စာသင်မြန်တယ်ဆိုတိုင်း စာလိုက်နှေးတဲ့ ကျောင်းသားကို မြန်မြန်ဆန်ဆန် သင်လို့မရပါဘူး။ ကိုယ်က စာကို တစ်လုံးချင်း သင်ပေးတယ်ဆိုတိုင်းလည်း သဘောပေါက်လွယ်ပြီး ထက်မြက်တဲ့ ကျောင်းသားကို တစ်လုံးချင်း သင်ပေးစရာမလိုပါဘူး။ ကျောင်းသားတွေအပေါ်မူတည်ပြီး ဆရာကောင်းဆိုတာ ချဉ်းကပ်ပုံ၊ စာသင်ကြားတဲ့ စနစ်တွေကို လိုအပ်သလိုအလိုက်သင့် ပြောင်းလဲပေးရပါတယ်။
(၆) တပည့်အပေါ် မျှော်လင့်ချက်ကြီးကြီးထားပါတယ်
ဆရာကောင်းတွေဆိုတာ ကျောင်းသားကို ဆင်းရဲလို့လည်း အထင်မသေးဘူး။ စာမလိုက်နိုင်လို့လည်း အထင်မသေးပါဘူး။ တပည့်တွေကို မသွေးရသေးတဲ့ ရတနာအရိုင်းတုံးများ သဖွယ် သဘောထားပါတယ်။ တစ်နေ့ကျ ထွန်းပေါက်ပြီး အောင်မြင်တဲ့ ဘဝတွေ ပိုင်ဆိုင်နိုင်ကြမှာ ဆိုတဲ့ မျှော်လင့်ချက်ကြီးတွေ ထားပြီး
အဲ့ဒီ့မျှော်လင့်ချက်တွေ တကယ်အထမြောက်လာအောင်လည်း လမ်းပြ ခေါ်ဆောင်ပေးတတ်ကြပါတယ်။
အသက်တွေကြီးလာကြတဲ့အခါ စာရေးသူအပါအဝင် တော်တော်များများဟာ ကိုယ်အမှတ်ရနေတတ်တဲ့ ဆရာ၊ဆရာမတွေနဲ့ အဆက်အသွယ်ပြတ်နေတတ်ကြပါတယ်။ ဒီစာလေးကို ဖတ်ရင်း ငယ်ဘဝက ဆရာကြီးတွေ ဆရာမကြီးတွေကို အမှတ်ရသွားပြီး ကြုံခဲ့ရတဲ့ အမှတ်တရလေးတွေရှိရင်လည်း သူတို့တွေနဲ့ အဆက်အသွယ်ရအောင် ကြိုးစားကြည့်ပါ။ ဆရာတွေဆိုတာ တစိုးလက်ဆောင်ပစ္စည်းပါမှရယ်မဟုတ်ပဲ ကိုယ့်ရဲ့တပည့်တွေ သာယာအေးချမ်းတဲ့ဘဝလေးတွေ ပိုင်ဆိုင်ထားတယ်ဆိုရင်တောင် ပီတိဖြစ်နေကြတဲ့သူတွေပါပဲ။
Related Posts
ဘာသာစကားတစ်ခုကိုလေ့လာတဲ့အခါ "I Quit!" ဆိုပြီး စိတ်ဓာတ်မကျရလေအောင်
Tips for Learning Language
Read More about ဘာသာစကားတစ်ခုကိုလေ့လာတဲ့အခါ "I Quit!" ဆိုပြီး စိတ်ဓာတ်မကျရလေအောင်
ထက်မြက်တဲ့ ကလေးတစ်ယောက်ဖြစ်လာစေဖို့
Parenting Tips
Read More about ထက်မြက်တဲ့ ကလေးတစ်ယောက်ဖြစ်လာစေဖို့
နည်းပညာခေတ်နှင့် ကလေး၏ဖွံ့ဖြိုးတိုးတက်မှု
Kid in IT era
Read More about နည်းပညာခေတ်နှင့် ကလေး၏ဖွံ့ဖြိုးတိုးတက်မှု