ငယ်ငယ်တည်းက သင်္ချာအခြေခံကောင်းစေဖို့
Posted on 3rd June 2025
Learning for Kids Mathematics TipsHow to develop good mathematics fundamentals from a young age
"သင်္ချာက ခက်တယ်။ ဘာတွေမှန်းလဲမသိဘူး".. ဒါဟာများသောအားဖြင့် အထက်တန်းကျောင်းသားတွေနဲ့ အလယ်တန်းကျောင်းသားတွေအပါအဝင် တက္ကသိုလ်တန်းအထိ ကျောင်းသားတော်တော်များများ ကြုံတွေ့နေကြရတာဖြစ်ပါတယ်။
ဒါပေမဲ့လည်း သင်္ချာဟာ ကျွန်မတို့ရဲ့ နေ့စဉ်လှုပ်ရှားမှုဘဝတွေအပြင် ဆောက်လုပ်ရေး၊ အင်ဂျင်နီယာ၊ စာရင်းကိုင်စသည့်အသက်မွေးဝမ်းကျောင်းအလုပ်တို့မှသည် နည်းပညာအသုံးချလုပ်ငန်းတွေအထိ ပါဝင်နေတာဖြစ်တာကြောင့် သင်္ချာနဲ့ကင်းလို့မရသလို သင်္ချာကိုပိုင်နိုင်တဲ့ ကလေးတွေအတွက် အနာဂတ်အခွင့်အလမ်းတွေဟာလည်း ပိုမိုများပြားပါတယ်။ ဒါကြောင့် ကလေးအရွယ်တည်းက သင်္ချာကို ခက်ခဲတဲ့ဘာသာရပ်တစ်ခုအနေနဲ့ မမြင်စေပဲ သင်္ချာအခြေခံကောင်းလာအောင် လုပ်ဆောင်ပေးနိုင်ဖို့ဟာ မိဘတွေအတွက် စိန်ခေါ်မှုတစ်ခုဖြစ်လာပါတယ်။ ဒါဆို ငယ်စဉ်တည်းက ကလေးတွေကို သင်္ချာအခြေခံကောင်းလာအောင် ဘယ်လိုပျိုးထောင်ပေးကြမလဲ...
(၁) ကလေးရဲ့ သင်္ချာဆရာဆရာမတွေ နဲ့အမြဲဆွေးနွေးတိုင်ပင်ပါ။
ကလေးတွေအနေနဲ့ မူကြိုတက်နေရသည်ဖြစ်စေ၊ မူလတန်းကျောင်းတက်နေရသည်ဖြစ်စေ သူတို့ရဲ့ အချိန်တော်တော်များများကို ကျောင်းမှာ၊ အပြင်စာသင်ခန်းတွေမှာ ကုန်ဆုံးကြရပါတယ်။ အဲဒီအခါ သူတို့နဲ့ နီးနီးကပ်ကပ်ရှိပြီး သင်ကြားပေးနေတဲ့ ဆရာဆရာမတွေဆီကနေ ကလေးရဲ့တိုးတက်မှုတွေ၊ လုပ်ဆောင်ပုံတွေကို ပြန်လည်သိရှိနိုင်ပါတယ်။ အဲဒီအခါ ဆရာဆရာမတွေနဲ့ ပွင့်ပွင့်လင်းလင်း တိုင်ပင်ဆွေးနွေးပြီး ကလေးရဲ့လိုအပ်ချက်တွေအတွက် ပူးပေါင်းလုပ်ဆောင်ဖို့လိုပါတယ်။ ဒါမှသာ ကလေးအနေနဲ့ သင်္ချာဘာသာရပ်နဲ့ ပတ်သက်ပြီး စိတ်မပင်ပန်းရတော့ပဲ အခက်အခဲမရှိအောင် ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။
(၂) နည်းပညာရဲ့အကူအညီကို ရယူပါ။
အခုခေတ်မှာ နည်းပညာတိုးတက်လာမှုနဲ့အတူ နယ်ပယ်စုံမှာ နည်းပညာရဲ့ ကဏ္ဍဟာ ပါဝင်လာပါတယ်။ ကလေးတွေကလည်း နည်းပညာပစ္စည်းတွေဆို စိတ်ဝင်စားကြပါတယ်။ ဘယ်လောက်ပင်အရွယ်ငယ်ပါစေ ဖုန်းတစ်လုံးပေးလိုက်ရင် ဟိုပွတ်ဒီပွတ်နဲ့ ကလိတတ်ကြသလို မိဘတွေက Selfie ဓာတ်ပုံရိုက်ကြမယ်ဆိုလည်း ထွေထွေထူးထူးပြောစရာမလိုပဲ ကလေးတွေကပါ Pose အမျိုးမျိုးပေးနေတတ်တဲ့ခေတ်ပါ။ ဒီလောက်အထိကို ကလေးတွေရဲ့ သင်ယူနိုင်စွမ်းက တိုးတက်လာပါတယ်။ အရင်ကဆို ကလေးကို သင်္ချာနဲ့ပတ်သက်ပြီး လေ့လာနိုင်ဖို့အတွက် သင်ထောက်ကူပစ္စည်းတွေက ရှားပါတယ်။ စာရေးသူတို့ ငယ်ငယ်ကဆိုလည်း အပတ်စဉ်ထုတ် ကလေးဂျာနယ်က ပဟေဠိလေးတွေကို ကစားဖို့အတွက် နေ့တိုင်းလက်ချိုးရေနေခဲ့ရတာပါ။ အခုတော့ မိဘမှာ မိုဘိုင်းဖုန်းလေးတစ်လုံးရှိရုံနဲ့ ကလေးကို လေ့ကျင့်ပေးလို့ရနေပါပြီ။ အခမဲ့ သင်္ချာဉာဏ်စမ်း Game လေးတွေကို ကိုယ့်ဖုန်းက Android ဆို Google Play Store မှာ ရှာဖွေနိုင်ပြီး iOS ဖုန်းဆိုရင်တော့ App store မှာ အလွယ်တကူ Download ဆွဲပြီး ကစားလို့ရပါတယ်။ စာရေးသူ အကြိုက်ဆုံးကတော့ Sudoku Game ပါ။ (Google Play Store နဲ့ Appstore က ဖုန်းတော်တော်များများတိုင်းမှာ ပါဝင်ပြီးသားပါ..Store တိုင်းမှာ ဖျော်ဖြေရေး၊ စီးပွားရေး၊ ပညာရေး အစရှိသဖြင့် ကဏ္ဍအလိုက်ခွဲထားပေးပါတယ်..ပညာရေးကဏ္ဍမှာ ကလေးတွေအတွက်သာမက လူကြီးတွေပါ ဆော့ကစားနိုင်တဲ့ Game လေးတွေရှိပါတယ်)
(၃) သင်္ချာပုစ္ဆာ တွေကို ပျော်စရာကစားပွဲလေးတစ်ခုလို ဖြစ်အောင်သင်ပေးပါ။
ကလေးတွေအနေနဲ့ သင်္ချာပုစ္ဆာ လေးတွေကို ရှင်းတဲ့နေရာမှာ အဖြေကိုအလွတ်ကျက်ပြီးဖြေတာမျိုး မဖြစ်ရအောင်သင်ပေးပါ။ ကလေးတွေရဲ့ စဉ်းစားနိုင်စွမ်းနဲ့ ဆက်စပ်တွေးခေါ်နိုင်စွမ်းတွေကို အသုံးပြုပြီးဖြေဆိုနိုင်အောင် လမ်းကြောင်းပေးပါ။ တကယ်လို့ ကိုယ့်အနေနဲ့ အချိန်ပေးနိုင်တယ်ဆိုရင် ပုစ္ဆာလေးတွေကို နောက်ခံပုံပြင်လေးတွေနဲ့ ပေါင်းစပ်ဖန်တီးပြီး ကလေးတွေကိုဖြေရှင်းခိုင်းလို့ရပါတယ်။ (အလွယ်ဆုံးဥပမာအနေနဲ့ ကလေးတွေကို (၃) နဲ့ (၅) ပေါင်းတာမျိုးဆို "ငှက်ကလေး (၅) ကောင်သစ်ပင်ပေါ်မှာနားနေတယ်..အခုနောက်ထပ် (၃) ကောင်ထပ်လာနားတယ်.. ဒါဆို အခုသစ်ကိုင်းပေါ်မှာ ငှက်ကလေးဘယ်နှကောင်ရှိမလဲ.." စသဖြင့်ပါ) တခါတရံ မိဘတွေအတွက် ဒီလိုမျိုး နောက်ခံပုံပြင်လေးတွေစဉ်းစားရတာ ခက်ခဲတတ်ပါတယ်.. အဲဒီလိုဆိုရင်တော့ ကလေးနဲ့အတူ ပုစ္ဆာတွက်တဲ့နေရာမှာ သူ့ကိုဘေးကနေပြီး အားပေးပေးပါ။ ဘေးမှာ တစ်စုံတစ်ယောက်က သူတို့ရဲ့တွက်ချက်မှုတိုင်းကို ကြည့်ပြီးအားပေးနေတဲ့အခါ ကလေးတွေအနေနဲ့ အားပိုရှိပါတယ်။ အမြဲတမ်းအချိန်မပေးနိုင်တဲ့ မိဘတွေအနေနဲ့ကတော့ တစ်ပတ် တစ်ချိန်လောက်အချိန်ပေးပြီး ကလေးနဲ့အတူ စာလုပ်ပေးပါ။ ကလေးတွေဟာ သူတို့ရဲ့လုပ်ဆောင်မှုလေးတွေအတွက် မိဘကဂုဏ်ယူတဲ့အခါ ပိုပြီးကြိုးစားတတ်ကြပါတယ်။
(၄) အပြင်လောကမှာလည်း သင်္ချာကိုလေ့ကျင့်ပေးပါ။
ဒီအချက်လေးက အရေးကြီးပါတယ်။ သင်္ချာမှ မဟုတ်ပဲအခြားဘာသာရပ်တွေကိုလည်း တိုက်ဆိုင်လာတဲ့အခါ လေ့ကျင့်ပေးဖို့လိုပါတယ်။ သင်္ချာအတွက်ဆိုရင် -
- ဈေးဝယ်ထွက်တဲ့အခါ ကလေးကို မိမိဝယ်တဲ့ ပစ္စည်းတွေရဲ့ ဈေးနှုန်းတွေကို ပေါင်း၊နုတ်၊ မြှောက်၊စားလေ့ကျင့်ပေးတာမျိုး၊
- ဟင်းချက်တဲ့အခါမှာဆိုလည်း ဆန် (၁) အိတ်၊ ဆား (၁) ဇွန်းစသဖြင့် အချိန်အတွယ်တွေကို လေ့ကျင့်ပေးနိုင်သလို
- မုန့်ဖိုးပေးတဲ့အခါမှာလည်း ဒီမုန့်ဖိုးလေးနဲ့ မတူညီတဲ့ ဘယ်လိုမုန့်လေးတွေ ပစ္စည်းလေးတွေကို ဝယ်လို့ရတယ်စသဖြင့် တစ်ကိုယ်ရည် ငွေကြေးတွက်ချက်သုံးစွဲမှု (Personal Finance) အခြေခံလေးတွေကို သင်ပေးနိုင်ပါတယ်။ ဒါမှသာ သင်္ချာဘာသာရပ်ဟာ စာမေးပွဲအတွက်သင်ကြားနေရတာမဟုတ်ပဲ တကယ်လက်တွေ့မှာ အသုံးချနိုင်တဲ့ ဘာသာရပ်ဖြစ်တယ်ဆိုတာကို သိရှိလာပြီး ပိုမိုစိတ်ဝင်စားလာမှာဖြစ်ပါတယ်။ ဒါဟာ စာရေးသူတို့ မြန်မာနိုင်ငံရဲ့ ပညာရေးစနစ်မှာ အဓိကလိုအပ်နေတဲ့အချက်တွေထဲက တစ်ခုလည်းဖြစ်ပါတယ်။
(၅) ကလေးရဲ့ လုပ်ဆောင်မှုလေးတွေကို အသိအမှတ်ပြုပေးပါ။
ဒီအချက်လေးကို မိဘတော်တော်များများ သတိမထားမိကြပါဘူး။ လူကြီးတစ်ယောက်အနေနဲ့ သာမန်ဂဏန်းအပေါင်းအနုတ်လေးကို လုပ်ဆောင်နိုင်တာဟာ အရမ်းသေးငယ်တယ်လို့ထင်ရပါတယ်။ ဒါပေမဲ့ ကလေးတစ်ယောက်အတွက်တော့ ပိုမိုခက်ခဲတဲ့ သင်္ချာသီအိုရီတွေ ပုစ္ဆာတွေကို ဖြေရှင်းနိုင်ဖို့အတွက် ခွန်အားတစ်ခု၊ နောက်ထပ်ပိုကြိုးစားဖို့အတွက် အသိအမှတ်ပြုမှုတစ်ခုပါ။ နောက်ပြီး ကိုယ့်ရဲ့ကလေးကို တခြားကလေးများနဲ့ နှိုင်းယှဉ်ပြောဆိုခြင်းကို တတ်နိုင်သမျှရှောင်ရှားပေးပါ။ ကလေးတစ်ဦးနဲ့တစ်ဦးဟာ မွေးရာပါဉာဏ်ရည်ခြင်း၊ အားသန်မှုခြင်းမတူကြပါဘူး။ မိဘတစ်ဦးအနေနဲ့ ကလေးရဲ့အကောင်းဆုံးတွေကို လိုချင်တတ်ကြတာသဘာဝပါ။ ဒါပေမဲ့ ပျိုးထောင်ထိန်းသိမ်းတဲ့ နည်းလမ်းတွေအပေါ် မူတည်ပြီး ကလေးတွေဟာ အရောင်ပြောင်းတတ်ပါတယ်။ ဒါကြောင့် ကလေးချင်းအတူတူ ဆရာမချင်းအတူတူသင်ပေမဲ့ ရလာတဲ့ ရလဒ်မှာ အနည်းအများကွာခြားချက်ရှိတတ်ပါတယ်။ တကယ်လို့ ကလေးမှာ ကြိုးစားမှုလိုအပ်ချက်ရှိလို့ဆိုရင်လည်း အဲဒီလိုအပ်ချက်ကို ဘယ်လိုပြင်ဆင်ရမယ်ဆိုတာကို ဆရာဆရာမတွေနဲ့ တိုင်ပင်ဆွေးနွေးပြီး လုပ်ဆောင်သင့်ပါတယ်။ ဒါမှသာ ကလေးရဲ့ အခက်အခဲကို သေချာသိရှိပြီး မှန်ကန်တဲ့လုပ်ဆောင်မှု အဖြေတစ်ခုထွက်မှာပါ။
မိဘတိုင်းဟာ ကလေးတိုင်းရဲ့ လက်ဦးဆရာပါ။ ဒီအချက်လေးတွေထဲက တော်တော်များများဟာလည်း အပြင်ဆရာ၊ဆရာမ အကူအညီမပါပဲ မိဘကိုယ်တိုင် ကလေးရဲ့ သင်္ချာစွမ်းရည် အခြေခံကောင်းလာအောင် လုပ်ဆောင်ပေးနိုင်တဲ့ အရာလေးတွေပါ။ တကယ်လို့ ကလေးရဲ့ သင်္ချာဘာသာရပ်အားနည်းတာနဲ့ ပတ်သက်ပြီးတိုင်ပင်ချင်တယ်၊ ကိုယ်လည်း အချိန်မပေးနိုင်လို့ ယုံကြည်ရတဲ့ဆရာဆရာမမျိုးလိုချင်တယ်ဆိုရင်တော့ MMtutors မှာ မေးမြန်းလို့ရပါတယ်ရှင့်...
Related Posts
၂၀၁၇ ခုနှစ် မြန်မာတစ်နိုင်ငံလုံး ပထမဆုရှင် မောင်သုတရဲမိုး၏ အကြံပေးချက်များ
Advice from Outstanding students
Read More about ၂၀၁၇ ခုနှစ် မြန်မာတစ်နိုင်ငံလုံး ပထမဆုရှင် မောင်သုတရဲမိုး၏ အကြံပေးချက်များ
ကလေးရဲ့ အင်္ဂလိပ်ဘာသာစကားအခြေခံကောင်းအောင် အိမ်မှာပဲ ဘယ်လိုပျိုးထောင်ပေးမလဲ
Teaching Young Learners English at home
Read More about ကလေးရဲ့ အင်္ဂလိပ်ဘာသာစကားအခြေခံကောင်းအောင် အိမ်မှာပဲ ဘယ်လိုပျိုးထောင်ပေးမလဲ
ငယ်စဥ်ကတည်းက အင်္ဂလိပ်စာကောင်းအောင် ဘယ်လိုပျိုးထောင်ပေးမလဲ
How to improve English Language skill for kids
Read More about ငယ်စဥ်ကတည်းက အင်္ဂလိပ်စာကောင်းအောင် ဘယ်လိုပျိုးထောင်ပေးမလဲ